By မြတ်နိုးသူရ / MPA
ထင်လင်း။ နာမည်ကို ကြားလိုက်ရုံဖြင့် စိတ်ကိုပင် ဖတ်၍ ရနိုင်သည်။ စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းအပြီး ပြည်သူများ၏ မျှော်လင့်ချက်များနှင့် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။ ခေတ်အဆက်ဆက် အာဏာရှင်များ၏ တစ်ကိုယ်ကောင်းဆန်မှုများကြောင့် မြန်မာနိုင်ငံသည် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်နိုင်ရန် နောက်ကျခဲ့သည်။
ယခုတချီတွင် အာဏာရှင်ပြုသမျှ နုနေရသည့် ဘဝကို ပြည်သူများအလိုမရှိကြတော့။ ထို့ကြောင့် အာဏာရှင်ကိုဆန့်ကျင်ကြသည့်ထဲတွင် ထင်လင်းလည်း ပါဝင်ခဲ့တော့သည်။ အသက်အရွယ်အားဖြင့် တက်ကြွနေသည့် လူငယ်ပီပီ ဓမ္မဘက်သို့ ရဲရဲရပ်တည်ခဲ့သည်။
“၂လပိုင်း ၂၀၂၁ ခုနှစ်လောက်မှာ သူက ဗဟန်းမြို့ရဲ့ သပိတ်ခေါင်းဆောင်ဖြစ်တယ်။ ကျွန်တော်တို့ စကားပြောတယ်။ အလုပ်အတူတူတွဲလုပ်ရအောင်ဆိုပြီး ဖိတ်ခေါ်တယ်။ ပထမ သုံး၊ လေးလလောက်က သူ့အခြေအနေကိုယ်ကြည့်၊ ကိုယ့်အခြေအနေသူကြည့်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်ကြတာပေါ့ ” ဟု စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အတူကြိုးပမ်းလုပ်ဆောင်နေကြသည့် ထင်လင်း၏ တော်လှန်ရေးလုပ်ဖော်ကိုင်ဖက် UMCD(Union of Myanmar Civil Defence) အဖွဲ့၀င်တစ်ဦးက ပြောသည်။
ထင်လင်းသည် နိုင်ငံရေးထက် စစ်အာဏာရှင်တို့ မြန်မြန်ဆန်ဆန်ပြုတ်ကျသွားရေးကိုသာ စိတ်ဝင်စားသူဖြစ်သည်။ အထူးသဖြင့် လှည့်စားနေသည့် နိုင်ငံရေးသမားများကို အလွန်မုန်းတီးသူဖြစ်သည်။ ယခင်က သူသည် စားဖိုမှူးတစ်ယောက်အဖြစ် ဘဝကို သာသာယာယာ ဖြတ်သန်းခဲ့ရသည်။ အာဏာသိမ်းပြီးနောက်တွင် အဆင်ပြေနေသည့်ဘဝကို စွန့်လွှတ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။
“ကိုထင်လင်းကို အစောပိုင်းမှာ လုံးဝမသိခဲ့ဘူး။တော်လှန်ရေးတဝက်လောက်မှ ခင်မင်ပြီး စသိတာ။ ရင်ဘတ်ချင်းလည်းတူ။ အကြံအဉာဏ်ချင်းလည်းတူဆိုတော့ တော်တော်လက်တွဲဖြစ်တယ်။ ဒီလိုနဲ့ အရမ်းခင်ရတဲ့အစ်ကိုကြီးတစ်ယောက်လို ဖြစ်လာခဲ့တာ ” ဟု ထင်လင်း၏ တော်လှန်ရေးလုပ်ဖော်ကိုင်ဖက် UMCD(Union of Myanmar Civil Defence) အဖွဲ့၀င်တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့အတွင်း တော်လှန်ရေးလုပ်ဆောင်နေရင်းမှ မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ပွဲဝင်ရန် ထင်လင်းတစ်ယောက် ပိုမို စိတ်ပါဝင်စားခဲ့သည်။
“ကျွန်တော်တို့အစောပိုင်းကတည်းက လက်နက်ကိုင်ပြီး အကြမ်းဖက်စစ်ကောင်စီကို ပြန်တိုက်ဖို့ စီစဉ်ထားတာ။ မြသွဲ့သွဲ့ခိုင်တို့ ထိသွားတဲ့အချိန်၊ စမ်းချောင်းတို့ဘာတို့မှာလည်း အရမ်းပြင်းထန်တဲ့ ဖြိုခွင်းမှုတွေဖြစ်လာတယ်။ ကျွန်တော်တို့ ကြိုပြီးလက်နက်ကိုင်ရတော့မယ်ဆိုပြီး လှုပ်ရှားလိုက်တော့တာ။ ကျွန်တော်တို့ စဉ်းစားပုံနဲ့ သူတို့ စဉ်းစားပုံ တစ်ကွေ့မှာ သွားဆုံကြတယ် ” ဟု ထင်လင်း၏ တော်လှန်ရေးလုပ်ဖော်ကိုင်ဖက် UMCD အဖွဲ့၀င်တစ်ဦးက ထင်လင်းနှင့် လက်တွဲခဲ့ပုံကို ပြောပြသည်။
ထို့နောက် ထင်လင်းတစ်ယောက် KIA ထံတွင် သင်တန်းသွားတက်ခဲ့ပြီး သူလုပ်ချင်ခဲ့သည့် မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် စတင်ကြိုးပမ်းခဲ့တော့သည်။
“PDF တွေကို ဝိုင်းကူညီပေးနေတဲ့အခါမှာ သူမစ်ရှင်တွေလည်း ရှေ့တန်းကနေလုပ်တယ်။ အရင်ကတော့မထွက်ဘူး။ အခုနောက်ပိုင်း သူရှေ့တန်းတွေထွက်လာတယ် ” ဟု ကိုထင်လင်းနှင့် ပတ်သက်သည်များကို လုပ်ဖော်ကိုင်ဖက်က ပြောပြသည်။
“ သူက အရမ်းခေါင်းမာတယ်။ သန်လျင်မှာ၂၀၂၁ လေးလပိုင်း ငါးလပိုင်းလောက်က သင်တန်းပေးနေတာကို ဝင်အစီးခံရတုန်း အဲ့တုန်းက လူစာရင်းစစ်တဲ့သူလုပ်တာပေါ့နော်။ သူလွတ်လာတယ်။ အဲ့နောက် ကချင်ရောက်သွားတယ်။ သင်တန်းသွားတက်တယ်။ ကျွန်တော်တို့ကတော့ ရန်ကုန်မှာပဲ ဆက်လက်လှုပ်ရှားတာပေါ့နော် ” ဟု ဆက်လက်ပြောပြသည်။
ထင်လင်းသည် သူ၏ လုပ်ဖော်ကိုင်ဖက်များကို သိပ်ချစ်၊ သိပ်ခင်သည်။ လက်ရှိ တော်လှန်ရေးလုပ်နေသည့် ဒေသမှ တော်လှန်ရေးရဲဘော်များကို ချစ်သလို၊ ရန်ကုန်တွင်ကျန်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ချစ်ရှာသည်။ သူ ပြန်လာခဲ့မည်ဖြစ်ကြောင်း အမြဲတမ်းပြောသည်။
“မှတ်မှတ်ရရ နယူးရီးယားညမှာ ကျွန်တော်နဲ့သူနဲ့စကားများတယ်။ ညီအစ်ကိုတွေ စကားများတဲ့အချိန်မှာ ကျွန်တော်က ပြန်ချော့ရတယ်။
အဲ့ဒီအခါ သူက “ ဟေ့ကောင် မင်းဒီလိုချော့လို့မရဘူး။ ပိုက်ဆံလွှဲပေး။ ငါဒီမှာ ကလေးတွေကို ဝိုင်းထောင်ပေးမယ်။ အဲ့လိုပေါ့။ သူတို့သောက်ကြ စားကြတာပေါ့နော်။ ဗီဒီယိုလေးတွေပို့တယ်။ ဓာတ်ပုံတွေလည်း ရိုက်ပြတယ်။ ငါ့လက်ရာ မင်းစားဦးမလားဆိုပြီး ပေါ့။ တခါတလေကျရင် သူရင်ဖွင့်တယ်။ ငါ့ညီနဲ့ငါက မွေးနေ့တူတယ်။ ငါ့ညီဘာလိုချင်လဲ ပြန်လာရင် မင်းကိုငါ ချက်ကျွေးမယ်။ အဲ့လိုပေါ့ဗျာ။ ခင်ဖို့အရမ်းကောင်းတဲ့ အစ်ကိုကြီး စိတ်ထား အရမ်းမှန်တဲ့အစ်ကိုကြီး ဒါပေမဲ့ မထင်ထားဘူး။ အဲ့လောက်ထိ စောမယ်မထင်ထားဘူး ” ဟု စို့စို့နင့်နင့်ဖြင့် UMCD အဖွဲ့၀င်တစ်ဦးက ဆက်ပြောသည်။
ထင်လင်းသည် တော်လှန်ရေးလုပ်ရာတွင် သိုသိပ်သည်။ ဆယ်လီမဖြစ်ချင်ခဲ့။ တော်လှန်ရေးအတွက် အလုပ်တွင်ရန်သာ အားစိုက်သည်။ ထို့ကြောင့် ၎င်း ကျဆုံးသွားခဲ့သည်ကိုပင် သိသူရှားသည်ဟု ၎င်းနှင့် နီးစပ်သူများက ပြောပြသည်။
“၆ ရက်နေ့ ငါးလပိုင်း ၂၀၂၂ ၊ အချိန်အားဖြင့် ညဘက် ၁၁ နာရီ မိနစ် ၅၀ မှာ ကျသွားတယ်။ သူက မိုင်းစပယ်ရှယ်လစ်။ ကိုယ့်မိုင်းကိုယ်ထိပြီးတော့ နိုင်ငံတော်အတွက် အသက်ပေးလှူသွားတာပေါ့ ”ဟု UMCD အဖွဲ့၀င်တစ်ဦးက ဆိုသည်။
စစ်အာဏာရှင်ကို ဖြုတ်ချရန် အသက်ပေးနေရင်း ထင်လင်းသည် တော်လှန်ရေး ရဲဘော်များအတွက်ပါ အားကိုးရသည့်အစ်ကိုကြီးတစ်ဦးဖြစ်ခဲ့သလို၊ စခန်း၏ ပင်တိုင် စားဖိုမှူးတစ်ဦးလည်းဖြစ်ခဲ့သည်။
သူတတ်ကျွမ်းသည့် မိုင်းဆင်ရေးနှင့် ချက်ပြုတ်ရေးတာဝန်များဖြင့် တော်လှန်ရေးတွင် တထောင့်တနေရာမှ ပါဝင်ခဲ့သည်။
“သူက တော်လှန်ရေးမှာ လူငယ်တွေ သေရတာကို လုံးဝစိတ်မကောင်းဖြစ်တယ်။ အလုပ်တွင်ချင်တယ်။ ကလေးတွေသေတာမမြင်ချင်ဘူး။ ကလေးတွေအစားသူသေမယ်ဆိုတာမျိုးပေါ့။ ငါတို့ကအသက်အရွယ် တဝက်လောက်ရောက်ပြီးသွားပြီဆိုတော့ မင်းတို့မသေရဘူးဆိုပြီးပြောတာ။ စခန်းမှာစားဖို့သောက်ဖို့လိုရင် သူကိုယ်တိုင်ပဲ တောထဲသွားပြီး ငါးမျှားတယ်။ စားစရာရှာတယ်။ စခန်းကကလေးတွေကလည်း အရမ်းချစ်ကြတယ် ” ဟု တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်ဖြုတ်ချရေးအတွက် သူတတ်နိုင်သည့်ဘက်မှ တာဝန်ယူပေးချင်ခဲ့သည့် ထင်လင်းတစ်ယောက်၊ မစ်ရှင်များတွင် အကြမ်းဖက်စစ်တပ်ဘက် အကျအရှုံးများအောင် မိုင်းဆင်ခြင်းဖြင့် ကူညီခဲ့သည့် ထင်လင်းတစ်ယောက် ယခုတော့ ပြန်လာမည်ပြောပြီး မပြန်လာနိုင်ရှာတော့။ စစ်အာဏာရှင်ဖြုတ်ချရေးမပြီးဆုံးသေးတဲ့ ကာလတွင် ချစ်ရသည့်တော်လှန်ရေး ရဲဘော်များကို အပြီးတိုင် နှုတ်ဆက်သွားခဲ့ပြီဖြစ်သည်။
“ အခု စခန်းမှာ သူ့ရဲ့ ကိုယ်သင်းနံ့ရနေကြတယ်လို့ပြောတယ်။ သူမကျွတ်လွတ်သေးဘူးလို့ စခန်းက ရဲဘော်တွေက ပြောလာတယ် ” ဟု UMCD အဖွဲ့၀င်တစ်ဦးက ပြောပြသည်။
ထင်လင်းတစ်ယောက် တော်လှန်ရေးမပြီးဆုံးခင် နှုတ်ဆက်သွားရသည့်အတွက် အခဲမကျေဖြစ်နေမည်လား မပြောတတ်။ လက်ရှိကာလမှ ကိုယ်လွတ်ရုန်းသလို ဖြစ်ခဲ့သည်ကို စိတ်မကောင်းဖြစ်နေရှာနေမည်လားမဆိုနိုင်။ သူချစ်ရသည့် ရဲဘော်တွေဆီကို သူရှိနေသေးကြောင်း လာပြောနေသည်ပင်လားဝေခွဲမရနိုင်ပါ။
“သူက ဆယ်လီလည်းမဖြစ်ဘူး။ တချို့ CDM ဗိုလ်ကြီးတွေလို နာမည်ကြီးတဲ့သူမျိုးလည်း မဟုတ်ဘူး။ သူကိုယ်တိုင်လည်း နာမည်မကြီးချင်ဘူး။ တော်လှန်ရေးကို တကယ့်ကိုမှ ဖိဖိစီးစီးလုပ်တဲ့သူ။ ကျွန်တော်တို့တော်လှန်ရေးအသိုင်းအဝိုင်းက အမှန်တိုင်းပြောရရင် အရမ်းကျဉ်းတယ်။ သူ့ကို ရန်ကုန်မြေအောက်လှုပ်ရှားသူတွေအကုန်သိတယ်။ အရမ်းကြီးမားတဲ့ ဆုံးရှုံးမှုကြီးပေါ့။ အခုတော့သူက ကျွန်တော်တို့အတွက်တင်မဟုတ်ဘဲ တော်လှန်ရေးတွက်လည်း ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပြီ။ အစိတ်အပိုင်းကဏ္ဍတစ်ခုမှာ လုံးဝကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပေါ့ ” ဟု ထင်လင်းကျဆုံးသွားသည်ကို စိတ်မကောင်းစွာနှင့် UMCD အဖွဲ့၀င်တစ်ဦးက ပြောရှာသည်။
အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခြင်းသည် သေလူကဲ့သို့ ထင်မှတ်ရမည်ဖြစ်သော်လည်း ထင်လင်းတစ်ယောက် အသက် ၃၀ ဝန်းကျင်ဖြင့် အချိန်မတန်ခင် နှုတ်ဆက်သွားခဲ့ရသည်မှာ သူ၏ တော်လှန်ရေး ရဲဘော်များအတွက်ပါ လွမ်းမော စိတ်မကောင်းဖွယ်ရာ ဖြစ်စေခဲ့ရသည်။
“သူ့မိသားစုနဲ့ပတ်သက်ပြီးတော့ သိပ်မသိထားဘူး။ ကျွန်တော်သိတာကတော့ သူ့မိန်းမနဲ့ တော်လှန်ရေးလုပ်တဲ့အချိန်မှာ ကွဲသွားတယ်။ တော်လှန်ရေးကိုပဲရွေးတယ်ပေါ့နော်။ အချစ်အစားတော်လှန်ရေးကိုပဲရွေးသွားတယ်။ ကျွန်တော်တို့ အဲ့လောက်ပဲ သိရတယ် ” ဟု တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပြသည်။
လက်ရှိတော်လှန်ရေးနှင့် ပတ်သက်ပြီး UMCD တာဝန်ခံက “ကျွန်တော်တို့နိုင်မှ သူတို့ကျွတ်မှာ သူတို့လွတ်မှာ။ နောက် အသက်ရှင်အောင်နေဖို့လိုတယ်။ အများကြီးထပ်ပြီးကြိုးစားဖို့လိုတယ်။ ကိုယ့်အသက်ကို ဘယ်သူမှ မရင်းချင်ဘူး။ ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း ဒီထက်ပိုပြီး ကြိုးစားသင့်ပြီ။ မြေပြင်မှာ တကယ်ရင်းနေရတဲ့ ပွန်းတွေက အများကြီးပဲ။ ကျွန်တော်တို့နားလည်တယ်။ သူတို့အလုပ်တွေ အများကြီးရှုပ်နေတယ်ဆိုတာ။ ပင်ပန်းနေတယ်ဆိုတာကို နားလည်တယ်။ ဒါပေမဲ့ အဲ့ဒီဟာကို ကျွန်တော်တို့ကို excuse မပေးပါနဲ့ ” ဟု အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရန်အတွက် ဦးဆောင်နေကြသည့် အကြီးအကဲများ ပိုမိုကြိုပမ်းကြရန် တိုက်တွန်းခဲ့သည်။
မည်သို့ပင်ဆိုစေ။ တော်လှန်ရေးကို သိုသိုသိပ်သိပ်နှင့် ပြုလုပ်ပြီး အသက်ပေးဆပ်သွားခဲ့သည့် ထင်လင်းအတွက် အမိန့်ပြန်တမ်းလေးတစ်ခုသာ သူ့အတွက် အမှတ်တရကျန်ခဲ့သည်။
“စစ်အာဏာရှင်စနစ်ဆိုးအား တိုက်ဖျက်ရင်း မိမိတို့ UMCD အဖွဲ့မှ ရဲဘော် ဓားမတိုထင်လင်း ကျဆုံးခဲ့ပါသည်။ ရဲဘော်ဓားမတိုထင်လင်းသည် စစ်အာဏာရှင်တို့အား တွန်းလှန်တိုက်ခိုက်ရင်း ၆ မေလ ၂၀၂၂ ညအချိန် ၁၁နာရီ ၅၀ တွင် ရှေ့တန်းတစ်နေရာ၌ နိုင်ငံအတွက် အသက်ကိုပေးလှူပြီးကျဆုံးခဲ့ရသည်။ ထို့အတွက် UMCD အဖွဲ့နှင့် သင်သည် လုံးဝသက်ဆိုင်မှုမရှိတော့ကြောင်း သင်သွားလိုရာအရပ်သို့ လွတ်လပ်စွာ သွားနိုင်ပြီဖြစ်ကြောင်း UMCD ရဲဘော်ရဲဘက်များမှ အမိန့်ပြန်လိုက်သည်”
“ရဲဘော် ငြိမ်းအေးရာ အရပ်တွင် အနားယူနိုင်ပါပြီ”ဟူ၍သာ…..။
#နွေဦးတော်လှန်ရေး #ဆောင်းပါး #UMCD #MPA #Myanmar