ကရင်နီပြည်နယ် ၊ ဒီးမော့ဆို အရှေ့ခြမ်း တစ်နေရာတွင် တံခွန်တိုင်ပွဲတော်ကို ကျင်းပခဲ့ကြကြောင်းသိရသည်။
ယနေ့ (ဧပြီ ၁၂ ရက်) နံနက်၅နာရီခန့်တွင် တံခွန်တိုင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး နံနက်၁၁နာရီ၌ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံက သိရသည်။
“ ပွဲကို အဝေးရောက်မိသားစုတွေ ပြန်လည် ဆုံတွေ့နိုင်ဖို့၊ ဆန်၊ ရေ ၊စပါးပေါများရေး၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဖြစ်စေတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းစေဖို့အခုလို ပွဲလုပ်ကျင်းပရတာပါ” ပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးစူးရယ် က MPA သို့ပြောသည်။
တံခွန်တိုင်ပွဲတော်ကို ကရင်နီဒေသခံများက ကေ့ထျိုးဘိုး ရိုးရာပွဲတော်ဟု ခေါ်တွင်ကြပြီး ယင်းပွဲတော်ကို တစ်နှစ်လျှင် တစ်ကြိမ် တိုက်နယ်အလိုက် ရွေးချယ် ကျင်းပကြကြောင်း သိရသည်။
တံခွန်တိုင်ပွဲတော်သို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ ဒုစစ်ဦးစီးချုပ် ကိုမာဝီကိုယ်တိုင် တက်ရောက်ခဲ့သည်။
“ ပွဲလာသူတွေကို ထမင်းကျွေးတယ်။တချို့ကလည်း စားကြတယ်။တချို့က မစားကြဘူး။ အဓိကကတော့ တောင်ယာဟင်းနဲ့ ထမင်းကျွေးပြီး ရိုးရာ ခေါင်ရည်နဲ့ ဧည့်ခံပါတယ်” ဟု ပွဲတော် ကျင်းပသူတစ်ဦးက ဆိုသည်။
တံခွန်တိုင်ပွဲတော် အခမ်းအနားကို ကရင်နီဒေသတွင်း နေထိုင်သူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် တံခွန်တိုင်ပွဲတော်သည် ၂၅ကြိမ်မြောက် ဖြစ်သည်။