မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် PDF ၃ ဖွဲ့ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မတ်လ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်အတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာ၌ Pakokku People Defense Force – PPDF ၊ Young Force – UG နှင့် Earthquake PDF တို့ စစ်ရေးအရှိန်မြှင့်တင်ရန် ပူးပေါင်းခြင်း နှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပြီး ရဲဘော် ၇၀ ကျော်တက်ရောက်ခဲ့ကြောင်း Pakokku People Defense Force – PPDF ကထုတ်ပြန်ထားသည်။
“ကျနော်တို့ ပခုက္ကူအခြေစိုက် ၃ ဖွဲ့ပူးပေါင်းတဲ့ကိစ္စကို ၃ ဖွဲ့စလုံးကပဲ ကမကထ လုပ်တာပါ။အဓိကတော့ စစ်ရေးအရှိန်မြှင့်တင်ဖို့ စစ်ကြောင်းသဘောမျိုး စုဖွဲ့တာပါ။လတ်တလောတော့ စစ်ကြောင်း အမည်မပေးရသေးပါဘူး။၃ဖွဲ့မှာ ရဲဘော်က အချိုးကျပါဝင်ပါတယ်။ဒီရဲဘော်အားလုံးကို လက်နက်တပ်ဆင်ပေးခဲ့ပြီးပါပြီ။ဒီရဲဘော်တွေက တိုက်ခိုက်ရေးအတွက်ပါပဲ။ဆေးတပ်သားရယ်လို့တော့ သီးသန့်ထည့်ထားတာမရှိပါဘူး။နောက်ပိုင်းတော့ အထူးတိုက်ခိုက်ရေး သင်တန်းတွေပေးသွားဖို့ရှိတယ်ဗျ” ဟု၎င်းကပြောသည်။
ယင်းအခမ်းအနားသို့ အဖွဲ့အစည်း ၃ ဖွဲ့စလုံး၏ နာယကများနှင့်ခေါင်းဆောင်များ တက်ရောက်ခဲ့ကာ မိန့်ခွန့်ပြောကြားခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ၃ ဖွဲ့ပူးပေါင်းတဲ့အတွက် နောက်ဆက်လုပ်မဲ့ အလုပ်တွေမှာ တော်တော်လေးထိရောက်နိုင်မှာပါ။ကျနော်တို့ ၃ ဖွဲ့စလုံးကရဲဘော်တွေရဲ့ဆက်ဆံရေးကတော့ အကုန်လုံတညီတညွတ်တည်းပါ” ဟု Earthquake PDF မှ ရဲဘော်တစ်ဦး ကပြောသည်။
စည်းလုံးရေး၊ စစ်ရေး နှင့် နိုင်ငံရေး စသည့် အရေးကြီးသည့် အချက်အလက်များ၊ စစ်သည်တော်များ လိုက်နာရမည့် စစ်စည်းမျဉ်း၊ စည်းကမ်းများ၊ လက်နက် ကိုင် နည်းဥပဒေ လမ်းစဉ်များကိုတိကျ သေ ချာစွာ လိုက်နာရန်၊ နွေဦးတော်လှန်ရေး၏ အဓိက အသက်သွေးကြောဖြစ်သည့် ပြည်သူလူထု တစ်ရပ်လုံးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်လေးစားရန်၊ ယခင်ထက် ပိုမိုကောင်းမွန် ကျစ်လစ်ခိုင်မာ သော စုဖွဲ့မှုအင်အားစုဖြစ်စေရန်၊ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုဖြင့် ရရှိသော လက်နက်များနှင့် စစ် အသုံးအဆောင်ပစ္စည်းများကို အသက်နှင့်ရင်း၍ လေးစားတန်ဖိုးထားရန် အစရှိသည့် ရဲဘော် တစ်ဦး ချင်းစီ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မိန့်ခွန်းပြောကြားခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များကို စုဖွဲ့မှုသင်တန်း ဒုတိယ အပတ်စဥ်အဖြစ် မကြာမီပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။