ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင် စစ်ဘေးရှောင်စခန်းတွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် အိမ်ထောင်စု ၂၃၈ စု၊ မ ၅၈၉ ဦး၊ ကျား ၄၆၄ ဦး၊ စုစုပေါင်း လူဦးရေ ၁၀၅၃ ဦးရှိကြောင်းသိရသည်။
” ခုကအိမ်တွေက အကုန်လုံးပျက်စီးနေပြီ။ ခုအိမ်တွေကို မွန်းမံဖို့ကျတော့လည်း ပိုက်ဆံကမရှိ။ အလုပ်မရှိတော့ပိုက်ဆံမရှိဘူးပေါ့။ ကျမတို့နေဖို့အိမ်ရယ်။ စားဝတ်နေရေးတွေရယ် ပံ့ပို့ပေးစေချင်တယ်။” ဟု စစ်ဘေးရှောင် အမျိုး သမီးတစ်ဦးက MPA သို့ပြောသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် ယာယီနေအိမ် အများအပြားပျက်စီးနေသဖြင့် အမြန်ပြုပြန်ရန်လိုအပ်နေပြီး နေအိမ်များပြန်လည်တည်ဆောက်ရန်အတွက် မည်သည့်အဖွဲ့အစည်းထံကမှ အကူအညီ မရသေးကြောင်းလည်း စစ်ဘေးရှောင်များက ဆိုကြသည်။
” စားဝတ်နေရေးက အဆင်မပြေဘူး။ အကူအညီတွေမရတာတွေလည်းကြာပြီ။ လေးလလောက်တောင်မရခဲ့ဘူး။” ဟု စခန်းတာဝန်ခံက MPA သို့ ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က ရုတ်တရက်ယာယီအပစ်ရပ်ခဲ့ကြသော်လည်း စစ်ဘေးရှောင်များကို အပြည့်အဝ ကူညီထောက်ပံ့မှု မရသေးကြောင်းလည်း စစ်ဘေးရှောင်များက ဆိုကြသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲအတွင်း ထပ်တိုးလာခဲ့သည့် စစ်ဘေးရှောင်များ အပါအဝင် စစ်ဘေးရှောင်တစ်သိန်းကျော်အထိ ရှိနေသေးကြောင်း စစ်ဘေးရှောင်များနှင့် အရပ်ဖက်အဖွဲ့က ဆိုကြသည်။















