Photo – JPaing / MPA
ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် စစ်ဘေးရှောင် ကလေးငယ်များအတွက် ရည်ရွယ်ပြီး တည်ထောင်ထားသော Migrant ကျောင်းတခုဖြစ်သည့် Kwe Ka Baung ကို ဇွန်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ Kwe Ka Baung ကျောင်း (ကရင်ဘာသာဖြင့် ဇွဲကပင်ဟု အမည်ရသည် )ကို ဖားအံမြို့တွင် မွေးဖွားခဲ့သည့် ကရင်လူမျိုး အဖိုးမန်းဗလစိန် က ၁၉၈၆ ခုနှစ်တွင် ထိုင်းဘုန်းတော်ကြီးတပါး၏ ကူညီစောင့်ရှောက်မှုဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၊ စစ်ဘေးရှောင် ပြည်သူများ၏ ကလေးငယ်များ ပညာရေးနှင့် ဝေးကွာပြီး ဆင်းရဲဒုက္ခဖြစ်မည်ကို စိုးရိမ်သဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Kwe Ka Baung ကျောင်းတွင် KG တန်းမှ Grade 12 အထိ ကျောင်းသား ကျောင်းသူပေါင်း ၂၅၆ ဦး တက်ရောက် ပညာသင်ကြားနေပြီး စေတနာ့ဝန်ထမ်းလုပ်အားပေးများနှင့် ဆရာ/ဆရာမ ၃၂ ဦးက ပညာသင်ကြားပေးနေလျက်ရှိသည်။ ကူညီထောက်ပံ့မည့် အလှူရှင်အခက်အခဲရှိခြင်းကြောင့် ဆရာ/ဆရာမများအား လုပ်ခ လစာအနေဖြင့် သတ်မှတ်ပေးနိုင်ခြင်းမရှိနေကြောင်း သိရသည်။
ကျောင်းသင်ရိုးညွှန်းတမ်းအား မြန်မာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားလျက်ရှိပြီး ထိုင်းဘာသာစကား၊ စကောကရင်ဘာသာစကားနှင့် ပိုးကရင်ဘာသာစကားကိုပါ ဖြည့်စွက်သင်ကြားပေးလျက်ရှိသည်။
ကျောင်းဝတ်စုံမှာ တနလ်ာနှင့် သောကြာနေ့တွင် အနီရောင် ကရင်ဝတ်စုံကို ဝတ်ဆင်ရပြီး ကရင်လူမျိုးများအား ချစ်ခင်သည့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံအားကိုယ်စားပြုသည့် ခရမ်းရောင်ဝတ်စုံနှင့် ကျန်နှစ်ရက်တွင် ထိုင်းအစိုးရကျောင်း ယူနီဖောင်း အဖြူ/ပြာ ဝတ်စုံအားသတ်မှတ်ထားသည်။
Kwe Ka Baung ကျောင်းတွင် လက်ရှိ သင်ထောက်ကူပစ္စည်း၊ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ ထောက်ပံ့မှုများ လိုအပ်နေပြီး ကျောင်းအိပ် ၊ကျောင်းစား နေထိုင်သူ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် ရေချိုးကန် လိုအပ်မှုများ နှင့် သန့်စင်ခန်း ပြန်လည်တည်ဆောက်ရန် လိုအပ်မှုများလည်း ရှိနေသည်။
ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် ရွှေ့ပြောင်းဒေသပညာရေးကျောင်း ၆၄ ကျောင်းရှိပြီး Kwe Ka Baung လည်း တခုအပါအဝင်ဖြစ်သည်။