မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း အထိနာနေသော စစ်ကောင်စီတပ် ရှေ့ဆက်မတိုးနိုင်ရေး အတွက် တော်လှန်ရေးပူးပေါင်းတပ်က စစ်ဆိုင်ထားကြောင်းသိရသည်။
ဧပြီ ပထမပတ်အတွင်း မင်းတုန်းမြို့နယ်၌ စစ်သားများစခန်းချနေထိုင်ရာ ပြောင်းရွာဘုန်းကြီးကျောင်းနှင့် ရွေ့လျားစစ်ကြောင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးပြီးနောက် ယနေ့ (ဧပြီ၈ရက်)နေ့အထိ ပြောင်းရွာ၊ ဝက်ကော်နှင့် သဖန်းရောင်ရွာတို့၌ စစ်ဆိုင်ထားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း(Eagle Force)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ် ကပြောသည်။
ဧပြီလ ၁ ရက်နှင့်၂ရက်နေ့တို့တွင် ပြောင်းရွာဘုန်းကြီးကျောင်း၌တပ်စွဲနေသည့် စစ်သားများနှင့်ဝက်ကော်၊သဖန်းရောင်ကျေးရွာတို့သို့ နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်ကြောင်းကို PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခြင်းနှင့်မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ဘက်က ရဲဘော် တစ်ယောက်ကျည်ထိပြီး ကျသွားလို့ ရှေ့တန်း စစ်မြေပြင်တစ်နေရာမှာပဲ ကျနော်တို့ သင်္ဂြိုလ်လိုက်ပါတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများအတွင်း ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်အင်းစိန် ကျဆုံးခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က အခုဆို တောင်ပေါ်ရွာတွေကိုပါ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။နင်းမိုင်းတွေလည်းထောင်ထားတယ်။အဲ့ဒီနင်းမိုင်းကြောင့် Faw ကား ၁ စီးနဲ့ လှည်း၁ စီး နင်းမိုင်းမိသွားသေးတယ်။လူတွေတော့ ထိခိုက်ဒဏ်ရာလောက်ပဲရတယ်။နွား ၂ ကောင်တော့ သေသွားတယ်လို့သိရတယ်။ပြည်သူတွေကတော့ ပြေးတဲ့သူလည်း ပြေးကြတယ်။မပြေးဘဲ အနီးနားပဲ နေကြသူတွေလည်းရှိတယ်”ဟု ဒေသခံPDFရဲဘော် တစ်ဦး ကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် တောင်ပေါ်ရွာများဖြစ်သည့် ငကွန်း၊ဂန့်ချောနှင့်ဒါလီရွာများကိုပါ နယ်မြေရှင်းလင်းရေးပြုလုပ်နေကြောင်းသိရသည်။
စစ်သားများသေဆုံးခဲ့မှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။