ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း PDF စခန်းဝင်စီးသည့် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၃ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် ပေါင်းတည်မြို့နယ်၊ရုပ်ဆိုင်ရွာနှင့်ဘန်းဘွေးကန်ရွာကြားရှိ ပေါင်းတည် PDF စခန်းငယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းရန်လာစဥ် ကြိုတင်သတင်းရရှိသဖြင့် မိုင်း ၄ လုံးထောင်ခဲ့ကြောင်းထို့နောက် စခန်းမှစွန့်ခွာခဲ့ပြီး စစ်သားများအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း(PPDF)ကသတင်း ထုတ်ပြန်သည်။
“သိမ်ကုန်းရွာ အထိုင်စခန်းကနေ လက်နက်ခဲယမ်းတွေ ရုပ်ဆိုင်ရွာကို သယ်လာတဲ့အချိန် အလယ် ရွာနဲ့ ရုပ်ဆိုင်ရွာကြားမှာ မိုင်း ၃ လုံးဆွဲတာမှာ ၃ ယောက်လောက် ဒဏ်ရာရသွားတယ်။သူတို့အထိ နာပြီး ဘန်းဘွေးရွာကိုဆုတ်သွားပြီး အင်အားဖြည့်ပြီး ဘန်းဘွေးရွားနား ကကျနော်တို့ စခန်းကို ဝင် စီးတာ။သတင်းရထားတော့ မိုင်းထောင်ပြီး စခန်းကို စွန့်ပြီး ပြန်ဆုတ်ပြီးနေရာ ယူထားလိုက်တယ်။ စစ်သားတွေလည်းစခန်းကို မီးရှို့နေစဥ် မိုင်း ၄ လုံးဖောက်ခွဲလိုက်တာပါ”ဟု ပြည်ခရိုင် PDF- ၃၆၀၁ တပ်ရင်း(PPDF)မှ ဆက်သွယ်ရေးနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း(PPDF)၊တပ်ခွဲ(၅)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းထိပြီး သေဆုံးသွားသည့် စစ်သားများအား တစ်ခါတည်း မီးရှို့သွားကြောင်းသိရသည်။
“သေတဲ့စစ်သားတွေကို စခန်းနဲ့အတူ မီးရှို့နေတာ မြင်ရတယ်။ဒဏ်ရာရတွေကိုတော့ ရုပ်ဆိုင်ဘုန်းကြီးကျောင်းထဲမှာပဲ ဆေးကုနေတယ်။ဒီမနက်(မတ်၄ရက်) ဒီကောင်တွေကင်းတောင်မထွက်ရဲဘူး”ဟု ဒေသခံ PDFရဲဘော်တစ်ဦးကပြောသည်။
မတ်လ၃ရက်၊ နံနက် ၈ နာရီခန့်တွင် သိမ်ကုန်း တာဝါတိုင်စခန်းမှ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် စစ်သား ၂၃ ဦးပါ စစ်ကြောင်းကို ရုပ်ဆိုင်ရွာနှင့်အလယ်ရွာကြား၌ မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့သေးသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း(PPDF)၊တပ်ခွဲ(၂)နှင့်တပ်ခွဲ(၃)တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများသေဆုံး၊ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။