မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နေသောနေရာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးနိုင်မှုများရှိနိုင်ကြောင်း Myingyan District Drone Strike အဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂နာရီဝန်းကျင်တွင် တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာ အနီးစစ်သားနှင့် ရဲ ၂၀ ခန့် ကင်းပုန်းဝပ်နေစဥ် ဗုံးသီး ၁ လုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီနေရာမှာက ကြုံရင် ကြုံသလိုစစ်တယ်။ စစ်ဆေးရေးဂိတ်လိုမျိုးတော့မဟုတ်ဘူး။ သတင်းရလို့သွားချတာ။ ဗုံးသီး အစစ်နဲ့ ချတာဗျ။ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ သူတို့ရှိတဲ့နေရာကို ချိန်ပြီးချတာ။ ရွာထဲကိုထွက်ပြေးသွားတယ်။ နောက်တစ်လုံးထပ်ချဖို့ မောင်းသေးတယ် စစ်သားတွေက ဟိုပြေး ဒီပြေး ဖြစ်နေတာနဲ့ ကျနော်တို့ နောက်ထပ် ၁ လုံးမချလိုက်တာပါ”ဟု Myingyan District Drone Strike အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike အဖွဲ့နှင့်အတူ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊အမှတ်(၃)တပ်ရင်းနှင့် အမှတ်(၄)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၂၁ ရက်နေ့ကလည်း နွားထိုးကြီးမြို့မ ရဲစခန်း ကို ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့ရာစစ်သား ၁ ဦး နှင့် ရဲ ၁ ဦးသေဆုံးကြောင်း Myingyan District Drone Strike ကထုတ်ပြန်ထားသေးသည်။