စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ရွာထဲဝင် ပစ္စည်းများ လုယက်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၃ဦး နေရာမှာတင် လဲကျသွားကြောင်း သိရသည်။
ယနေ့နံနက် အစောပိုင်းတွင် မြောင်မြို့နယ်၊ကင်းရွာသို့ ပစ္စည်းဝင်လုပြီး ၎င်းတို့စခန်းချရာ ကျောက်ရစ်ရဲစခန်းသို့ အပြန်၌ ကျေးရွာဒေသခံတပ်ပေါင်းစုနှင့် မဟာမိတ်ညီနောင်တို့က ပဒေသာမိုင်း ၂ ပွိုင့် ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myaung Union Army က ထုတ်ပြန်သည်။
“ပစ္စည်းဝင်လုတဲ့ ကင်းရွာဆိုတာက အိမ်ခြေ ၈၀၀ ကျော်လောက်ရှိတဲ့ရွာကြီး။ မနက်အစောကြီး ရွာသားတွေအလစ်မှာ ရွာထဲဝင်စီးတာ။ အိမ်ကြီးအိမ်ကောင်းတွေထဲ ဝင်ဖောက်ပြီး ပစ္စည်းလုတာပါ။ အပြန်မှာ မိုင်းဆွဲခံရတာ။ မိုင်းထိပြီးလဲကျသွားတဲ့ ၃ ကောင်က သေတယ်လို့ ကျနော်တို့ယူဆပါတယ်” ဟု မြောင်ကျေးလက်PDF ရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကင်းကျေးရွာသို့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တိတ်တဆိတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပြည်သူပိုင်ပစ္စည်းများ လုယက်ခဲ့ကြောင်း Myaung Union Army က ဆိုသည်။
ထို့နောက် လာရာလမ်းအတိုင်း အပြန်တွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး ကျောက်ရစ်ရဲစခန်းသို့ အလောင်းထမ်းပြန်သွားကာ ကိုးပင်ရွာနား၌ သေနတ်ပစ်ဖောက်ခဲ့ကြောင်း Myaung Union Army က ထုတ်ပြန်သည်။
“မနက်အစောကြီး ရွာထဲဝင်စီးတာက ရွာသားတွေ အထုပ်အပိုး ပြင်ဆင်ချိန်မရအောင်ပါ။ ပြီးတော့ ရွာ သားတွေကို ရွာထဲမှာ အလစ်ဝင်ဖမ်းတာတို့ ဝင်ပစ်တာတို့ လုပ်နိုင်တာပေါ့။ ရွာသားတွေက အိပ်ချင်မူး တူးနဲ့ ထွက်ပြေးရတဲ့အခါကတော့ ထုပ်ပိုးထားတဲ့ ရွှေတိုငွေစတွေကျန်ခဲ့နိုင်တယ်ဆိုတော့ စစ်ခွေးတွေ အတွက် ပိုရတာပေါ့”ဟု မြောင်ကျေးလက်PDF ရဲဘော်ကပြောသည်။
စစ်သား၃ဦး မိုင်းထိပြီး လဲကျသွားခြင်းသည် သေဆုံးခြင်းဟုတ်၊မဟုတ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယင်းစစ်တပ်သည် ကျောက်ရစ်ရဲစခန်းတွင် အထိုင်ချကာ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုး လုယက်သတ်ဖြတ်လျက်ရှိသည်။