မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကြောင်းထိုးပြန်လာသည့် တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ရေစကြိုပကဖထံက သိရသည်။
မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးပြီးပြန်လာသည့် အင်အား၇၀ခန့်ရှိ စစ်ကောင်စီတပ်ကို ရေစကြိုမြို့ အမှတ် ၈ ရပ်ကွက် ၊ကပ်ကျော်ဘုန်းကြီးကျောင်း ဝင်ပေါက်အနီး၌ မိုင်း ၁ လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီကောင်တွေက ကပ်ကျော်ဘုန်းကြီးကျောင်းမှာ အထိုင်ချတယ်။မနေ့က မြိုင်ဘက်ကနေ စစ်ကြောင်းထိုးပြန်လာတာ။ သူတို့ပြန်တဲ့လမ်းတလျှောက် မြို့အနီးကရွာတွေကိုရော စစ်ကြောင်းလှည့်ပတ်ထိုးနေတာ၊။ကျနော်တို့က ဒီကောင်တွေမရှိတုန်း ဘုန်းကြီးကျောင်းဝင်ပေါက်နားမှာ မိုင်းထောင်ထားတာ။စစ်ကြောင်းက အပြန် ကျနော်တို့ မိုင်းဆွဲလိုက်တာ။ အနီးကပ်ဖြစ်တာဆိုတော့ ဒီကောင်တွေလည်း ရုတ်ရုတ်သဲသဲတွေဖြစ်ပြီး ပြန်တောင် မပစ်နိုင်ဘူး။ရှေ့ဆုံးရောက်လာတဲ့ ၄ ကောင်က အဝေးကိုလွင့်ထွက်သွားတာ။နောက်က ၂ယောက်က နေရာမှာပဲလဲသွားတယ်။သေ မသေမသိဘူးဗျ။ဘုန်းကြီးကျောင်းထဲမှာပဲ ဆေးကုသတယ်လို့ကြားတယ်။ညပိုင်းမှ ဆေးရုံပို့လားတော့ မသိဘူးဗျ”ဟု ရေစကြို(ပကဖ)မှရဲဘော်ထန်ပြောင်ကပြောသည်။
မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကံကြီးတော၊ကွမ်းတော၊ထန်းတစ်ပင်၊ထနောင်းခလှ၊တောင်ဦးနှင့် အညာတောကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်တပ် ဖြစ်သည်။
မတ်လ ၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာနှင့်ကြည့်ကန်ကျေးရွာကြားတွင် အင်အား ၄၀ ဝန်းကျင်ခန့်ပါသော ခလရ ၂၅၈ တပ်မှ စစ်သားများကိုရေစကြိုပကဖ က ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။