ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီကအတည်ပြုပြဌာန်းထားသည့် စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ရောက်ရန် လူစုမပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများအနေဖြင့် ငွေကြေးစုဆောင်းပေးရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီ ၁၈ ရက်တွင် နာမည်စာရင်းပါသူများကို စတင်ခေါ်ယူခဲ့သော်လည်း လူငယ်အများစုက ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် ခေါ်ယူ၍မရခဲ့ကြောင်း မင်းလှမြို့နယ်ရှိ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“လူငယ်တွေ ထွက်ပြေးကုန်တော့ လူစုမရတဲ့ ရပ်ကွက်တွေ၊ ကျေးရွာအုပ်စုတွေကို အနည်းဆုံး သိန်း ၈၀ တောင်းတယ်၊ အဲဒီတော့ အုပ်ချုပ်ရေးမှူးတွေက အခုရက်လိုက်ပြီး တစ်အိမ်ကို တစ်သောင်းစုတဲ့ အုပ်စုတွေရှိသလို၊ နှစ်သောင်း၊ သုံးသောင်းစုတဲ့ ရပ်ကွက်တွေလည်းရှိတယ်၊ စုပြီး စစ်တပ်သွားပေးကတာလား ၊ အုပ်ချုပ်ရေးပိုင်းပေးရတာလားတော့မသိဘူး” ဟု ၎င်းက MPA ကိုပြောသည်။
နာမည်စာရင်းပါလူငယ်များ ထွက်ပြေးသွားခြင်းကြောင့် စစ်ကောင်စီက လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာစွဲပြီး စစ်မှုထမ်းခိုင်းကြောင်း အုတ်ဖိုမြို့နယ်က အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“သူတို့လူရတဲ့ ရပ်ကွက်၊ ကျေးရွာတွေကတော့ ငွေစုပေးစရာမလိုဘူး” ဟု ၎င်းကဆိုသည်။
စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှုးများက ငွေရှာစားနေကြောင်း သာယာဝတီမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကမှတ်ချက်ပြုသည်။
“ နာမည်မပါလည်း အကြောင်းအမျိုးမျိုးပြပြီး ရဲတွေ၊ စစ်သားတွေက လူငယ်တွေကို ဖမ်းတယ်၊ ပြီးရင် ပိုက်ဆံနဲ့ လိုက်ရွေးခိုင်းတယ်၊ ငွေရှိတဲ့သူတွေကတော့ သိန်း ၃၀၊ သိန်း ၄၀ ပေးရွေးရတယ်၊ မရွေးနိုင်တဲ့သူတွေကတော့ စစ်မှုထမ်းပေါ့ ၊ အုပ်ချုပ်ရေးမှုးတွေကလည်း ဒီလိုပဲ အပေါ်က သိန်း ၅၀ လောက်တောင်းရင်သူတို့က ၈၀ လောက်တောင်းတာ၊ ပိုတာသူတို့ယူပေါ့၊ ပြည်သူတွေကတော့ မရှိလည်းပေးရ၊ ရှိလည်းပေးရနဲ့ ဒုက္ခတွေရောက်ကုန်ပြီ” ဟု ၎င်းက ဆိုသည်။
နာမည်စာရင်းပါပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် လူငယ်အချို့၏ နေအိမ်တွင်ကျန်ခဲ့သည့် မိသားစုများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းများရှိနေသည်။