ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရသူ စုစုပေါင်း ၆,၄၅၁ ဦးရှိကြောင်း နယူးမြန်မာဖောင်ဒေးရှင်း၏ Human Rights Program မှ ၂၀၂၃ ခုနှစ်၊ လူ့အခွင့် အရေးချိုးဖောက်မှုများမှတ်တမ်း နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။
အထက်ပါစာရင်းမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်းက အချက်အလက်များဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ရိုက်နှက်ခြင်းမှာ စစ်တပ်ဆန့်ကျင်သော လှုပ်ရှားမှုများကို ဖိနှိပ်ရန်နှင့် ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးစေရန်အတွက်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် ၎င်းတို့အား ဆန့်ကျင်သည့်သူများကို ဖမ်းဆီးရာတွင် မခံမရပ်နိုင်အောင် ပြင်းထန်သည့် နာကျင်ခံစားမှုများ ဖြစ်စေရန်အတွက် လူမဆန်သော နှိပ်စက်နည်းအမျိုးမျိုးကို အသုံးပြုလျက်ရှိကြောင်း စစ်ကြောရေးမှ ပြန်လည်လွတ်မြောက်လာသူနှင့် မိသားစုဝင်အချို့က ပြောသည်။
စစ်ကြောရေးတွင် တစ်လကြာ နှိပ်စက်ခံခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးက “ စစ်ကြောရေးထဲရောက်တော့ နေ့တိုင်းအရိုးတွေကို သံချောင်းနဲ့ရိုက်တာ သံချောင်းမကွေးမချင်း အရိုက်ခံရတာ၊ ပြီးတော့ ခြေဆစ်၊ လက်ဆစ်တွေ ပြုတ်အောင်ကိုရိုက်တာ၊ ခေါင်းတွေဆိုလည်း ပတ်ပတ်လည် ကွဲထားတာ ဆေးမကုပေးဘူး၊ ရေမတိုက်ဘူး။ ရေဆာရင်ဘယ်လိုလုပ်ရလဲဆိုတော့ ရိုက်ပြီးသွားရင် လူတွေဆီက သွေးကျတယ်လေ အဲ့ဒါကို ရေလာဆေးချတယ်၊ အဲ့ဒီကကျတဲ့သွေးနဲ့ ရေနဲ့ရောပြီး ကြမ်းပြင်ကြားမှာ ညှပ်နေတဲ့ဟာတွေကို ကုန်းသောက်ခဲ့ရတယ်”ဟု ၎င်းကြုံတွေခဲ့ရပုံကို MPA သို့ပြောသည်။
လူ့အခွင့်အရေးမှတ်တမ်းတင်သူများအနေဖြင့် လက်လှမ်းမမီနိုင်သော လူပျောက်ဆုံးမှုဖြစ်စဉ်များနှင့် ချုပ်နှောင်ခံရစဥ် သေဆုံးမှုဖြစ်စဥ်များလည်းရှိခဲ့ကြောင်း သိရသည်။
“အာဏာသိမ်းပြီဆိုကတည်းက ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို လက်နက်နဲ့စတင်ဖြိုခွင်းပြီး သူတို့ဘက်က အကြမ်းဖက်တာပေါ့၊ ဒီလိုမျိုးနဲ့ စစ်ကြောရေးတွေမှာ ထောင်တွင်းတွေမှာ အသက်တွေ စတေးခဲ့တဲ့သူတွေ အများကြီးပဲ၊ ဒီလိုမျိုး သူတို့က ခေတ်အဆက်ဆက်လုပ်ခဲ့တာဖြစ်ပါတယ်၊ ဒါမျိုးတွေ ရပ်တန့်ဖို့ဆိုတာ စစ်တပ်ရဲ့ထောက်တိုင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းဖို့ လိုအပ်တယ်”ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့၏ တည်ထောင်သူ မဇူးဇူးမေယွန်း က မှတ်ချက်ပြုပြောသည်။
ဖမ်းဆီးခံရသူများကို ‘အကြမ်းဖက်သမားများ’ နှင့် ‘လက်နက်ကိုင်သူပုန်များ’ ဖြစ်သည်ဟု စစ်ကောင်စီက မကြာခဏ ၎င်းတို့လက်အောက်ခံ မီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြလေ့ရှိပြီး စစ်ကြောရေး စခန်းများနှင့် အကျဥ်းထောင်များတွင် ကျူးလွန်နေသော ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း မည်သည့်အခါမှ ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများက ဆိုသည်။
ထောင်သုံးနှစ်ကျခဲ့သည့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး၏ အဒေါ်ဖြစ်သူကလည်း “စဖမ်းမိကတည်းက ၇ လွှာကနေ အောက်ထိတရွတ်တိုက်ဆွဲချသွားတာ၊ ပြီးတော့ သေနတ်ဒင်တွေနဲ့ဝိုင်းထုတာပေါ့၊ ခြေထောက်တွေနဲ့ ကန်ကြောက်တာ စဉ်းစားကြည့်စမ်း အဲ့ဒီမြင်ကွင်းကို သားသမီးချင်းကိုယ်ချင်းမစာဘူး နှိပ်စက်တာ၊ သူတို့မှာ သားသမီး မရှိဘူးလားမသိဘူး။ နှိပ်စက်ရက်တယ် ဒီအရွယ်ကလေးလေးတွေကို ရိုက်နေတဲ့အချိန်မှာ သူတို့သားသမီး တွေကို မျက်လုံးထဲ မမြင်ယောင်မိဘူးလား မသိဘူး” ဟု ပြောသည်။
ထို့ပြင် ကျား၊ မ ဂျဲန်ဒါ အမျိုးမျိုးအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခြင်းသည် စစ်ကြောရေး စခန်းများနှင့် အကျဥ်းထောင်များတွင် သုံးတတ်သော ညှဉ်းပန်းနှိပ်စက်နည်း တစ်မျိုးဖြစ်သော်လည်း ထိုဖြစ်စဥ်များသည် သတင်းပေးပို့ တိုင်ကြားမှုနည်းပါးနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။