KNDF ဗျူဟာ (၅) ဖရူဆိုရှေ့တန်းအတွက် ရိက္ခာလိုအပ်နေကြောင်း WE ARE KNDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
KNDF ဗျူဟာ (၅) ဖရူဆိုရှေ့တန်းတွင် နေ့မအားညမနား ပင်ပန်းခက်ခဲစွာ တာဝန်ထမ်းဆောင်နေသော ရှေ့တန်းရဲဘော်များအား ကူညီရန်အတွက် WE ARE KNDF မှ ကမ်ပိန်းတစ်ခုပြုလုပ်ကာ ပြည်သူများထံ ရောင်းချလျက်ရှိကြောင်း WE ARE KNDF ၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး Karenni state volunteer page မှာ ရောင်းချနေပေမယ့် အင်တာနက် အခက်အခဲရယ်၊ ပြည်သူများသိရှိအောင် ချပြနိုင်ဖို့ အားနည်းတာတွေကြောင့် Campaign ပြည့်မီအောင် 70% လိုအပ်နေလို့ ကျွန်တော်တို့ WE ARE KNDF page ကနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ဆက်လက်ရောင်းချပေးသွားမှာပါ။ ရက်က တိုးထားရတယ်။ လကုန်စောင့်ပြီး နှစ်ရက်လောက် အချိန်ယူပြင်ဆင်ရမှာမို့ပါ” ဟု ၎င်းက ရှင်းပြသည်။
ဖရူဆိုရှေ့တန်းအား ထောက်ပို့ရန်အတွက် ကမ်ပိန်း လက်မှတ်တစ်စောင်လျှင် တစ်သောင်းကျပ် သတ်မှတ်ထားပြီး လက်မှတ်အရေအတွက် ၂၅၀၀ အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။
ပထမဆုအား ကရင်နီပြည် (ကယား) လွိုင်ကော်မြို့တွင်းရှိ (50´/90´) ဂရန်ပေါက် မြေကွက်တစ်ကွက်၊ ဒုတိယဆု ရွှေလက်စွပ်တစ်ကွင်း၊ တတိယဆု ဂစ်တာတစ်လက်နှင့် နှစ်သိမ့်ဆုအား ကရင်နီရိုးယာဝတ်စုံ (၉ မျိုး/၉ ထည်) တိတိ မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း WE ARE KNDF လူမှုကွန်ရက်၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ ပြည်သူတေအနေနဲ့ ရှေ့တန်းရောက်ရဲဘော်တွေကို ပြည့်ပြည့်ဝဝထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်တာပါ။ အခုနောက်ပိုင်း ပြည်သူတွေ ပါဝင်ပေးတာ အားနည်းလာလို့ campaign တွေကို အားစိုက်လုပ်နေရတော့ တစ်ချို့အပိုင်းတွေမှာ အချိန်မပေးနိုင်ဘူး ဖြစ်သွားတယ်။ ပြည်သူတွေ သွေးမအေးသွားကြဖို့နဲ့ ရောက်ရာအရပ်မှာ သတင်းတွေ နားစွင့်ဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောပြသည်။
လက်ရှိတွင် KNDF ဗျူဟာ (၅) ဖရူဆိုရှေ့တန်းအတွက် လိုအပ်နေသည့် ရိက္ခာများအား ဖြည့်တင်းရန် ကမ့်ပိန်းပြုလုပ်ကာ မဲလက်မှတ်များ ရောင်းချနေသော်လည်း မဲလက်မှတ်များစွာ ကျန်ရှိနေသေးသည်ဟု WE ARE KNDF ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။