မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅ နာရီ မိနစ်၂၀ခန့်က သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မှုကျေးရွာအနီးတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီယာဥ်တန်းကို ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၂ လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးအပြင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်း ကထုတ်ပြန်ထားသည်။
“သူတို့က မြတောင်တိုက်ပွဲမှာ အထိနာပြီး မန္တလေးကို ပြန်ဆင်းလာတဲ့ ၆ ဘီးကား ၃ စီးကို မိုင်းဆွဲလိုက်တာ။ ၁ စီးက မိုင်းကွင်းတည့်တည့်ရောက်ချိန် ဆွဲလိုက်တာ။ ကားအတွင်းပိုင်း ထိသွားတယ်။ စစ်ခွေးတွေသေတယ်။ ဒဏ်ရာရကြတယ်။ သူတို့က မိနစ် ၃၀ လောက် ပြန်ပစ်တယ်။ စစ်ခွေးအလောင်းတွေနဲ့ ဒဏ်ရာရခွေးတွေကို 4 wheel ၂ စီး နဲ့ တကောင်းမြို့ထဲကိုသယ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်း ၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
စစ်သားများ သေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
မိုင်းဆွဲခံရသည့် စစ်ယာဥ်တန်းမှာ တကောင်းအောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မိုင်းဆွဲခံရသည့် စစ်သားများသည် ကသာမြို့နယ်အတွင်းရှိကျေးရွာများကို ရွာစဥ်လှည့်မီးရှို့နေသော တပ်မ(၈၈)မှစစ်သားများဖြစ်ပြီး ထီးချိုင့်မြို့နယ် မြတောင်တိုက်ပွဲမှာ အထိနာခဲ့သည့် စစ်ကြောင်းလည်းဖြစ်သည်။
“ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ထုတ်ပြန်ချက်တွေကို သေချာလိုက်နာစေချင်ပါတယ်။သတ်မှတ်ချိန်ကျော်ရင် မမောင်းဖို့နဲ့ သတ်မှတ်ချိန်အတွင်းသာ မောင်းနှင်ဖို့လေးပဲပြောချင်ပါတယ်”ဟု၎င်းဆိုသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းနှင့် Special 9-HPDFတို့ပူးပေါင်းပြီး တကောင်းတိုက်နယ် သစ်တပင်ကျေးရွာအနီး စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကြောင်းကို မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးခဲ့သေးသည်။