တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်တပ်ရမ်းပစ်လိုက်သည့် လက်နက်ကြီးကျည်ထိသည့် လူငယ်တစ်ဦး ခြေထောက်နှင့်လက် ဖြတ်ရမည့် အခြေအနေရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ရက်နေ့ မနက် ၈နာရီမှ မွန်းလွဲ ၂နာရီအထိ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအနီးတွင် KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက်၁၅နှစ်အရွယ် အမျိုးသားတစ်ဦး စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ကျွန်တော်တို့ တိုက်ပွဲက ၈နာရီမှာစပစ်တယ်။ အဲ့အချိန်မှာ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ဒေသခံတွေရှိတဲ့ဘက်ကို ထုတာ။ အဲ့အချိန်မှာ ၁၅နှစ်ပဲရှိသေးတဲ့ ကောင်လေးက ရော်ဘာခြစ်ရာကနေ သေနတ်သံကြားလို့ ပြေးရင်း လက်နက်ကြီးထိတာ။ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် လက်တွေခြေထောက်တွေ ဖြတ်တောက်ပစ်ရမယ့် အနေအထားဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့က ပုလောကုန်းတိုက်ပွဲဖြစ်ပွားနေချိန်တွင် ပုလောအခြေစိုက် KPDFတပ်ဖွဲ့က ပဝတ်ကုန်းရွာရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ မနေ့က ပုလောကုန်းမှာ တိုက်ပွဲဖြစ်နေချိန် ပဝတ်ကုန်းကို ဝင်တိုက်တာ။ ၈ နာရီကနေ ၉နာရီအထိပါပဲ။ ခွေးတွေဘက်က ထိခိုက်ဒဏ်ရာရသူရှိတယ်။ သေတာမသေတာတော့ သေချာမသိဘူး” ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ပွဲများ အတွင်း ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်း နှင့် KPDFတပ်ဖွဲ့ဝင်တို့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ စစ်ကောင်စီဘက်မှ ကျည်ထိမှန်ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိကြောင်း သိရသည်။
လက်ရှိတွင် ပုလောမြို့နယ် အခြေစိုက် ၂၈၅တပ်ရင်းက တော်လှန်ရေးတပ်ပေါင်းစုများရှိရာ လွတ်မြောက်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းမရှိသေးဘဲ နှစ်ဘက်စောင့်ကြည့်အနေအထားရှိနေကြောင်း MPAက စုံစမ်းသိရသည်။