မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ယနေ့နံနက် ၄နာရီခန့်က ဆိုင်ကယ်ဖြင့် ကင်းပတ်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့၊ Denko ဆီဆိုင်နှင့် ရွှေဂူကြီးဘုရားအနီးတွင် စစ်သားများ ဆိုင်ကယ် ၃ စီး ဖြင့် ကင်းလှည့်လာချိန်၌ မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“ မိုင်းဆွဲတော့ သူတို့ထဲက နှစ်ယောက် နေရာတင် ကျသွားတယ်၊ ကျနော်တို့လည်း မြို့ပေါ်မှာဆိုတော့ သူတို့အခြေအနေကြည့်ပြီးတာနဲ့ ဆုတ်ခဲ့တာပါ” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူကဆိုသည်။
စစ်သား ၄ ဦး သည် ဆိုင်ကယ်၃စီးဖြင့် ကင်းပတ်လာခြင်းဖြစ်ပြီး စစ်သား၂ယောက် စီးလာသောဆိုင်ကယ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းသိရသည်။
PDF တပ်ဖွဲ့ဝင် အင်အား မည်မျှဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သလဲနှင့် မိုင်းအမျိုးအစားကို MPA ကမေးမြန်းခဲ့ရာ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
မိုင်းဆွဲခံရသူ၂ဦးကို မည်သည့်နေရာသို့ သယ်ဆောင်သွားသလဲနှင့် နောက်ဆက်တွဲသတင်းများကိုမူ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မသိရှိသေးပေ။ စစ်သား၂ဦးသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဇန်နဝါရီ ၁၉ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ကြီးကန်ကျေးရွာတွင် ကင်းပုန်းလာဝပ်သည့် စစ်သားများ ကိုရေစကြိုပကဖက ဒရုန်းဖြင့် ဗုံးနှစ်ကြိမ်ကြဲ တိုက်ခိုက်ခဲ့သေးသည်။