မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆လမ်း၊ ၁၃၀လမ်းရှိ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးက ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီ၁၈ရက်နေ့ည ၇နာရီ ခွဲဝန်းကျင်က မန္တလေးအခြေစိုက်ညီနောင်မဟာမိတ်၃ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ပေါက်ကွဲသံတစ်ချက်အကျယ်ကြီးကြားလိုက်တယ်၊သေနတ်ပစ်သံဆက်တိုက်ထပ်ကြားတာပဲ၊ခြောက်ချက်လောက်ရှိမယ် “ ဟု ယင်း ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ရမ်းပစ်ခတ်ခဲ့ပြီး အော်ဟစ်ဆဲဆိုသံများကိုလည်း ကြားရကြောင်း၎င်းကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု အခြေအနေကိုမူ မြနန္ဒာစစ်ဆင်ရေးက ထုတ်ပြန်ထားခြင်း မရှိပေ။
“ဗုံးကွဲတဲ့အချိန်က ညဘက်ဖြစ်နေတာရော စစ်ခွေးတွေက ထုံးစံအတိုင်း ကြိုက်တဲ့ပြည်သူသေ ဆိုပြီး သေနတ်တွေရမ်းပစ်တတ်ကြတာရောကြောင့် ကျွန်တော်တို့ မန္တလေးသားတွေက ပေါက်ကွဲသံကြားပြီ ဆိုတာနဲ့ အကာအကွယ်တစ်နေရာရာ ဝင်နေတာ အလေ့အကျင့်လိုတောင်ဖြစ်နေပြီ။အဲဒီရုံးနားဝန်း ကျင်က ပြောတာတော့ ထိတယ်လို့ ပြောတယ်။ဒါပေမဲ့ သူတို့လည်း ညဘက်ကြီးဆိုတော့ သေချာ အတည်မပြုနိုင်ဘူး”ဟု ပြည်ကြီးတံခွန်မြို့နယ်၊(ဈ)ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီနေကြသော အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးတို့ကို စစ်ရေးပစ်မှတ်အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက ထုတ်ပြန်ထားသည်။
(ဆ)ရပ်ကွက်ရုံးကိုမြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖြစ် VOMDY-Front Warrior ၊ NGU:FF မြေခွေးတပ်ဖွဲ့ နှင့် Acid Army PDF MDY အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။