By MPA
ကရင်ပြည်နယ်ဘားအံမြို့၊ တောင်ကလေးအကျဉ်းထောင်ရှိ နိုင်ကျဉ်းများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့မေလ ၈ ရက်နေ့ နံနက် ၆နာရီခန့်တွင် ကျိုက်မရောထောင်သို့ခေါ်ဆောင်သွားကြောင်း ဘားအံမြို့ဒေသခံတစ်ဦးထံမှသိရသည်။
ဘားအံမြို့နယ်ရှိ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း အမျိုးသားအယောက် ၅၀ နှင့် အမျိုးသမီး ၁၆ ယောက်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြတ်ရတနာမင်း express ကားဖြင့် ကျိုက်မရောထောင်တို့ခေါ်ဆောင်သွားသည်။
“စစ်ခွေးတွေက ကလေးတွေကိုထောင်ပြောင်းတဲ့အချိန်မှာ ရိုက်နှက်ပြီး ကားပေါ်ဆွဲခေါ်သွားတာတွေလုပ်တယ်။ ဆဲဆိုတာတွေလုပ်တယ်”ဟု နိုင်ကျဉ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုင်ကျဉ်းများအား သွေးသစ္စာ သီချင်းဆိုခိုင်းပြီး ကားပေါ်သို့ တက်ခိုင်းစေကြောင်းနှင့် မဆိုသူများကို ရိုက်နက်မှုများပြုလုပ်ကြောင်း သိရှိရသည်။
“ကလေးတွေက သွေးသစ္စာ သီချင်းဆိုပြီး မလိုက်နိုင်ဘူးပြောတော့ ထောင်မှူးကဘာပြောလဲဆိုတော့ ဘယ်လက်နက်ကိုင်ဘယ် pdf ကိုမှ မကြောက်လို့ ကရင်ပြည်နယ်မှာ ထောင်မှူးလာလုပ်နေတာလို့ပြောတယ်”ဟု တောင်ကလေးထောင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ယနေ့နံနက် ၉နာရီခန့်တွင် ဘားအံထောင်အတွင်း အိုးခွက်များတီးပြီး “ဒို့အရေး ဒို့အရေး” အော်ကာ ဆန္ဒပြမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှသိရသည်။