ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းရှူးမြို့နယ် ဟွေလွတ်ကျေးရွာလမ်းဘေးတွင် အကြမ်းဖက်စစ်ကောင်စီက ခရီးသွားမိသားစုတစ်စုကို ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းဖြစ်ရပ်သည် ဇူလိုင်လ ၁၈ ရက်နေ့ ည ၇ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်လိုက်ပါစီးနင်းလာသည့် မိသားစု သုံးဦးစလုံး အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သိရှိရသည်။
“တန့်ယန်းကနေ မိုင်းရှူးကို သူတို့ကားနဲ့ ပြန်လာရင်း လမ်းမှာ အပစ်ခံရတာ”ဟု သျှမ်းကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် မနန်းမွေက MPA သို့ ရှင်းပြသည်။
ကားပေါ်တွင် မိုင်းရှူးမြို့ ၊ တောင်ဟျိုးရွာနေ စိုင်းသီဟ (၂၅) နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ နန်းဆိုင်လူ (၂၈) နှစ်နှင့် အသက် ၃ နှစ် အရွယ်သားဖြစ်သူတို့ လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
မနန်းမွေက ” သူကတို့က ရိုးရိုးပြည်သူပဲ။ ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ဘူး။ ရွာမှာနေကြတာ။ ယောက်ျားဖြစ်သူနဲ့အတူ အမျိုးသမီးရဲ့ မိဘတွေရှိတဲ့နေရာမှာ လာနေတာ။ အမျိုးသားဖြစ်သူကတော့ တခြားရွာကပါ ” ဟု MPA သို့ ဆက်လက်ပြောပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယင်းသို့ ပစ်ခတ်စဉ်အတွင်း အသက် ၃ နှစ်အရွယ် သားဖြစ်သူမှာ မိခင်ဖြစ်သူ၏ ရင်ဘတ်ပေါ်တွင် မိခင်ဖြစ်သူနှင့်အတူ သေဆုံးခဲ့ရပြီး အမျိုးသားဖြစ်သူမှာ မိုင်းရှူးဆေးရုံသို့ရောက်ရှိပြီးမှ ယင်းည ၁၁ နာရီခွဲ ဝန်းကျင်တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။
“ကျွန်မတို့ သိရသလောက် အဲ့နားမှာရှိတဲ့ ဒေသခံတွေပြောပြချက်အရ သူတို့က ကားကိုတားတယ်။ ချက်ချင်းမရပ်နိုင်လိုက်ပဲ အရှေ့မှာ သွားရပ်တယ်။ အဲ့ဒီအချိန်မှာ စစ်တပ်က ပစ်လိုက်တာပါ ” ဟု မနန်းမွေက MPA သို့ ဆက်လက်ပြောပြသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယင်းဒေသတွင်ရှိသည့် အရပ်သားများကို ပစ်သတ်ခြင်း၊ ပစ်ခတ်ခြင်းများနှင့် ဖမ်းဆီးရိုက်နှက်ခြင်းများ မကြာခဏလုပ်လေ့ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။
“ဒီလိုမျိုး အရပ်သားပြည်သူတွေ စစ်ကောင်စီရဲ့ သတ်ဖြတ်တာကို ခံနေရတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ရှမ်းလက်နက်ကိုင်တွေက ကျွန်မတို့ ပြည်သူတွေကို ကာကွယ်တာမျိုးမြင်ချင်တယ်”ဟု မနန်းမွေက MPA သို့ ပြောပြသည်။
ယင်းသို့ စိုင်းသီဟနှင့်မိသားစု ပစ်ခတ်သတ်ဖြတ်ခံရမှုအတွက် အကြမ်းဖက်စစ်ကောင်စီတပ်၏ ရက်စက်ယုတ်မာမှုကို သျှမ်းကျောင်းသားသမဂ္ဂ(TSU) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။
လက်ရှိ မိုင်းရှူးဒေသတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ စစ်ရေးတင်းမာမှုများ ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီသည် ဒေသအတွင်းတွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်လျက်ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
မကြာသေးမီရက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီသည် SSPP/SSA တပ်စခန်းများကို ၇ ရက်အတွင်း ဆုတ်ခွာရန် ညွှန်ကြားမှုများ ပြုလုပ်ထားသည်။
ယင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ မိသားစုတစ်စုအား ပစ်ခတ်မှုနှင့် ဒေသတွင်း စစ်ရေးအခြေအနေများကို မေးမြန်းရန် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုထံ MPA မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။