By MPA
ကိုဗစ်တတိယလှိုင်းကာလအတွင်း ပရဟိတလူမှုကူညီရေးအသင်းများသို့အောက်ဆီဂျင်အကူညီတောင်းခံမှုအများအပြားရှိလာပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်သေဆုံးသူနေ့စဥ်ရှိလာကြောင်းသိရသည်။
“ကျနော်တို့ဆီကိုနေ့စဥ်အကူညီလာတောင်းတဲ့သူတစ်ရာကျော်လောက်ရှိတယ်။ ကျနော်တို့အကုန်လုံးကိုအကူအညီမပေးနိုင်ဘူး။ စိတ်မကောင်းဖြစ်ရုံကလွဲပြီးလည်းဘာမှမတတ်နိုင်ဘူး။ အောက်ဆီဂျင်မရလို့အသက်ရှူရပ်ပြီးသေဆုံးတဲ့သူကနေ့စဥ်အလိုလိုရှိလာတာပေါ့”ဟုရန်ကုန်အခြစိုက်လူမှုကယ်ဆယ်ရေးအသင်းတစ်ခုကဆိုသည်။
ကိုဗစ်နိုင်တင်းတတိယလှိုင်းစတင်သည့်မေလတတိယအပတ်မှစတင်ပြီး ကိုဗစ်အတည်ပြုလူနာများတနေ့တခြားများပြားလာခဲ့သည်။
ကိုဗစ်အတည်ပြုလူနာများပြားလာသော်လည်း ပြည်သူလူထုမှစစ်တပ်မှဖွင့်လှစ်ထားသည့်ကိုဗစ်စင်တာများသို့သွားရောက်ရန် ယုံကြည်မှုမရှိဘဲအိမ်များတွင်မိမိဘာသာကုသခြင်းများပြုလုပ်ခဲ့သည့်အတွက် အောက်ဆီဂျင်လိုအပ်ချက်များရှိလာခဲ့ခြင်းဖြစ်သည်။
အောက်ဆီဂျင်လိုအပ်ချက်များရှိလာသည့်အတွက်အောက်ဆီဂျင်ဝယ်ယူမှုများအကူအညီတောင်းခံမှုများအများအပြားရှိလာခဲ့ခြင်းဖြစ်သည်။
“အောက်ဆီဂျင်ဘာလို့အခုလိုရှားပါးတာလည်းဆိုရင်စက်ရုံတွေကပရဟိတအသင်းတွေကို အောက်ဆီဂျင်ကိုမဖြည့်ပေးတော့တာ။ဒီကောင်တွေကအောက်ဆီဂျင်အိုးတွေရောင်းစားဖို့လောက်ပဲချောင်းနေကြတာ။နောက်တစ်ခုကအောက်ဆီဂျင်လိုတဲ့လူနာတွေအများအပြားကိုရှိလာလို့လည်းဖြစ်ပါတယ်”ဟုအမည်မဖော်လိုသူအောက်ဆီဂျင်ကူညီပေးနေသူတစ်ဦးက MPAကိုကပြောသည်။
လက်ရှိအချိန်တွင်စျေးကွက်ထဲတွင် အောက်ဆီဂျင်နှင့်ပက်သက်သောပစ္စည်းများပြတ်လပ်သည်အထိအရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်းများလည်းအဆမတန်ကြီးမြင့်လျက်ရှိနေသည်။
အောက်ဆီဂျင်ပြဿနာနှင့်ပတ်သက်ပြီးစစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာန၏တာဝန်ရှိသူဒေါက်တာခင်ခင်ကြီးက “အောက်ဆီဂျင်တွေပြတ်နေတယ်ဆိုတာ ကဘယ်နားမှာပြတ်တာလဲလို့ပဲပြန်မေးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်သက်ဆိုင်ရာမြို့နယ်တွေမှာအောက်ဆီဂျင်ထုတ်လွှတ်တဲ့စက် ပေးထားပြီးဖြစ်ပါတယ်။သို့သော်ထုတ်နိုင်တဲ့ပမာဏနဲ့သုံးတဲ့ပမာဏအရလိုအပ်ချက်ရှိနိုင်ပါတယ်။အဲ့တော့အောက်ဆီဂျင်ပြတ်တယ်လို့ခြုံပြီးတော့ပြောလို့မရပါဘူး။လိုအပ်ချက်ရှိတဲ့နေရာတွေမှာလိုအပ်နိုင်ပါတယ်။အောက်ဆီဂျင်မလိုပဲနဲ့လိုရမယ်ရအောက်ဆီဂျင် ဝယ်စုထားမယ်ဒီလိုလူတွေအတ္တသမားတွေရှိနေရင်လည်းအောက်ဆီဂျင်လိုအပ်ချက်ကတော့ရှိနိုင်ပါတယ်။”ဇူလိုင်လ၈ရက်နေ့က MPAသို့ပြောဆိုခဲ့သည်။
ဇူလိုင်လ၁၀ရက်နေ့အထိ မြန်မာနိုင်ငံတွင်ကိုဗစ်အတည်ပြုနာလူနာ၁၈၈၇၅၂ရှိပြီးသေဆုံးသူ၃၇၅၆ဦးရှိပြီဖြစ်ကြောင်းစစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့်စစ်အာဏာသိမ်းထားသည့်အချိန်တွင်ကိုဗစ်တတိယလှိုင်းဖြစ်ပွားခြင်းကြောင့်စားဝတ်နေရေးအထွေထွေပြဿနာများအပြင်ကျန်းမာရေးပြဿနာများကိုတေန့တခြားဆိုးရွားစွာရင်ဆိုင်ရလျက်ရှိသည်။
#Covid_19 #Oxygen #MPA #ပရဟိတ