မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သေဒဏ်ချမှတ်ခံရမှုများ မြင့်တက်လာကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထုတ်ပြန်သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) သည် မေလ ၂၄ ရက်နေ့က ကမ္ဘာ့နိုင်ငံများ၏ သေဒဏ်ပေးမှုအခြေအနေနှင့် ပတ်သက်၍ အစီအရင်ခံစာထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သေဒဏ်ပေးခံထားရသူ ၉၀ နီးပါး ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် ကွပ်မျက်ခံရသူ ၅၇၉ ဦး ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် မှတ်တမ်းတင်ထားသော စုစုပေါင်း ပမာဏထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။
တရုတ်၊ မြောက်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကွပ်မျက်အပြစ်ပေးမှုတွင် အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်သော်လည်း စာရင်းများကို လျှို့ဝှက်ထားသည့်အတွက် တိတိကျကျသိရှိနိုင်ရန် ခက်ခဲကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အသိပေးသည်။
အထင်အရှားဆုံး ကွပ်မျက်မှုများကို တရုတ်၊ အီရန်၊ အီဂျစ်၊ ဆော်ဒီအာရေးဗျနှင့် ဆီးရီးယားနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့ကြောင်းလည်း ယင်းအဖွဲ့က ထုတ်ပြန်အသိပေးသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင်လည်း ယင်းသို့ သေဒဏ်အပြစ်ပေးမှုများ တိုးလာသည့်အပေါ် “စစ်အုပ်စုက အကြောက်တရား ဖန်တီးတဲ့အနေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာရယ်၊ သေဒဏ်ချမှတ်တာတွေကို ပြုလုပ်လာတာတွေ့ရပါတယ်။ ဒါက ပြည်သူတွေ သူတို့ကို တော်လှန်နေတာတွေ ရပ်သွားအောင်၊ ကြောက်ပြီး မတော်လှန်ရဲအောင် အကြောက်တရားဝန်းကျင်ကို ဖန်တီးနေတာပါ”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က MPA သို့ မှတ်ချက်ပေးသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၇၆၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၇၈) ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုထဲတွင် အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၂) ဦး သေဒဏ်ချမှတ်ခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၉) ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ် ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရှိရသည်။