By MPA CJ 015
ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၅၁၀၁ ကို ယနေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၅၁၀၁ ကို လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော်ကောင်းများဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ ရန်ကုန်မြို့ပြမှာ ပြောက်ကျားနည်းသုံးပြီး စကစကို ခုခံတော်လှန်နေရင်းက အခုလို တပ်ရင်းအနေနဲ့ စုဖွဲ့ပြီး စနစ်တကျ ချဉ်းကပ်မယ်ရင်တော့ ကျွန်တော်အနေနဲ့ အရင်ထက် ပိုကောင်းလာမယ်။ စကစကို ပိုတိုက်ခိုက်လာနိုင်မယ်လို့ မြင်မိပါတယ်။ ပိုပြီးစနစ်တကျနဲ့ စကစကို ထိုးနှက်နိုင်ဖို့ကိုလည်း မျှော်လင့်မိတယ်” ဟု အမည်မဖော်လိုသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့် ယခင်က မြို့ပြပြောက်ကျားလှုပ်ရှားမှုများဖြင့်သာ စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာမှ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း၊ တပ်ဖွဲ့များဖွဲ့စည်းရန် ညွှန်ကြားချက်အရ ယခုလို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ ကျွန်တော်တို့ မြို့ပြက ရဲဘော်တွေအနေနဲ့လည်း ကိုယ့်ရဲ့လုံခြုံရေးကို အထူးဂရုစိုက်သင့်တယ်။ ရန်သူကို လျှော့မတွက်စေချင်ဘူး။ အမြဲလုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ နေသင့်တယ် “ ဟု PDF ရဲဘော်က ဆက်ပြောသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း၊ တပ်ဖွဲ့များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တကျစုဖွဲ့သွားမည်ဟုလည်း အသိပေးထားသည်။
NUG၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်း၍ နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း၊ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။