မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၂ရက်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ခန့်ကမန္တလေး-မိုးကုတ်လမ်းမပေါ်ရှိစဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ ရဲကင်းစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင် ပကဖ)ကထုတ်ပြန်သည်။
“နွယ်ရုံရဲစခန်းကို ဗုံးသီးချတိုက်ခိုက်တာ။ ၆လုံးကြဲချတာ။ ရဲစခန်းပေါ် တည့်တည့်ကျတယ်။ နွယ်ရုံရဲစခန်းက သပိတ်ကျင်းနဲ့ စဥ့်ကူးကြားမှာရှိတာ။ ပထမ အကြိမ် ဗုံးသီးချလိုက်တော့ သေနတ်တွေနဲ့ ပြန်ပစ်တယ်။ ဒုတိယအကြိမ်ကျ သူတို့တွေ ဝရုန်းသုန်းကားဖြစ်နေပြီး သေနတ်တွေနဲ့ရမ်းပစ်နေတာ အချက် ၂၀ လောက်ရှိမယ်။ ရဲစခန်းပျက်စီးမှုရှိတယ်။ ကျနော်တို့ ကင်းထောက် ရဲဘော်တွေ ပြောတာကတော့ သေတဲ့ ၃ယောက်နဲ့ဒဏ်ရာရတဲ့ ၂ယောက်ကို ဆေးရုံကိုပို့လိုက်တယ်”ဟု ဗိုလ်လင်းယုန် ကပြောသည်။
ဗုံးသီး ထိမှန်ကာ သေဆုံးသူများနှင့်ဒဏ်ရာရသူများကို သပိတ်ကျင်း ၇ မိုင်ကျောက်ကြီးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ရဲများသေဆုံးထိခိုက်ခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြည်ဦးလွင်ခရိုင်-ပကဖ)နှင့် မဟာမိတ်များဖြစ်သော ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင်-ပကဖ)၊ စဥ့်ကူးမြို့နယ်-ပကဖ၊ ဧရာဝတီပျံလွှား၊ Sky Hero(Madaya)၊ARDF တော်လှန်ရေးအင်အားစု ၊Peacock Warrior Forceတို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရွှေတူးဖော်နေသည့် လင်းထိုက်မြန်မာ ကုမ္ပဏီ နှင့် Myanmar Golden Point Family ကုမ္ပဏီတို့ကိုတိုက်ခိုက်သွားမည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က ဇန်နဝါရီ လအတွင်း သတိပေးထားသေးသည်။