By MPA 001
အကြမ်းမဖက်သောနည်းဖြင့်ဆန့်ကျင်မှု CDM ပြုလုပ်လိုသူများကို နွေးထွေးစွာ ကြိုဆိုလက်ခံလျက် ရှိကြောင်း KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ကို စတင်တော်လှန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လကစတင်ကာ တပ်မဟာ ၄၊ တပ်ရင်း ၇၊တပ်ခွဲ ၂သို့ CDM ဝင်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကုသရေးပိုင်းမှ ဆရာဝန်များ၊ သူနာပြုများ ခိုလှုံလာခဲ့ပြီး ၎င်းတို့ကိုနွေးထွေးစွာလက်ခံထားရှိသည်ဟု ယင်းတပ်ခွဲမှ တာဝန်ရှိ KNDO တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ ဒီမှာက CDM ဆရာ၊ဆရာမတွေရှိတယ်။ဆရာဝန်တွေ သူနာပြုတွေရှိတယ်။ပြီးတော့ CDM ဝင်လာတဲ့ ရဲနဲ့ စစ်သားတွေ၊မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)တွေလဲရှိတယ်” ဟု KNDO တာဝန်ရှိသူက ရှင်းပြသည်။
KNDO ထိန်းချုပ်နယ်မြေဖြစ်သည့် တပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ ၂အတွင်း CDMပြုလုပ်ခိုလှုံလာသူ ရဲတပ်သား လေးဦး၊မော်တော်ပီကယ် (ယာဉ်ထိန်း)ရဲတပ်သား တစ်ဦးနှင့် စစ်သားသုံးဦးရှိပြီး ၎င်းတို့ကို လုံခြုံစွာထားရှိထားကြောင်း KNDO ဦးစီးသည့် ပူရိယက္ခညီနောင် စစ်ကြောင်းမှူး ဗိုလ်ဝေလက ပြောသည်။
“ ဒီမှာဆို လွန်ခဲ့တဲ့ နှစ်လကမှ မြိတ်မလခ (မြန်မာ့ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ခြေမြန်တပ်ရင်း) က CDM လုပ်လာတဲ့ စစ်သားအဆင့် တစ်ယောက် ရောက်နေတယ်။လောလောဆည် PRDF အဖွဲ့ထဲမှာ ရှိတယ်။ကျွန်တော်တို့အဖွဲ့ထဲမှာလည်း ရဲကနေ CDM ပြောင်းလာတဲ့သူရှိတယ်။အားလုံးက ဘုံရန်သူကို ဦးတည်ပြီး တော်လှန်ဖို့စိတ်ကူးတာပေါ့။ အရင်က စောင့်ကြည့်ခဲ့ရတယ်။ဒါကလည်း တခြားနေရာတွေ မှာ သာဓကအချို့ရှိတာကို။အခုတော့ ဒီမှာရှိတဲ့သူတွေက စိတ်ချယုံကြည်လို့ရတဲ့အဆင့်ရောက်နေပါပြီ” ဟု ၎င်းကရှင်းပြသည်။
တနင်္သာရီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ရဲတပ်သားများအနေနှင့် ပြည်သူ့ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန်လိုလားပါက တပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ ၂ရှိ တော်လှန်ရေးတပ်ဖွဲ့များထံဆက်သွယ်နိုင်ပြီး မဆက်သွယ်နိုင်ပါက လူကိုယ်တိုင်လာရောက် ဆက်သွယ်နိုင်ကြောင်းနှင့် တစ်စုံတစ်ရာအရေးယူမှုပြုလုပ်မည်မဟုတ်ကြောင်း MPAမှတဆင့် ပူရိယက္ခညီနောင်စစ်ကြောင်းက အသိပေးခဲ့သည်။