စစ်ကိုင်းတိုင်းကနီမြို့နယ်တွင် ဇူလိုင်လတတိယအပတ်ကစပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံအများအပြား နေရပ်စွန့်ခွါပြီး ဘေးလွတ်ရာများသို့ စစ်ဘေးရှောင်ခဲ့ရပါသည်။ လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသော ပြည်သူများ၏အခြေအနေများကို MPA သတင်းဌာနအနေဖြင့် ကနီPDFအဖွဲ့ဝင်တစ်ဦးလည်းဖြစ် စစ်ဘေးရှောင်နေရသူတစ်ဦးလည်းဖြစ်သည့် ကိုထွန်းအောင် (နာမည်လွှဲ) နှင့်ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိကနီမှာ စစ်ဘေးရှောင်ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့နားတစ်ဝိုက်မှာ၆,၀၀၀လောက်ရှိပါတယ်။ မြို့နယ်အလိုက်ဆိုရင်တော့ အတော်များပါတယ်။ စုစုပေါင်း၅၀,၀၀၀လောက်ရှိပါတယ်။ ကျွန်တော်တို့ တစ်နယ်လုံးနီးပါးစစ်ရှောင်ကြရတယ်။ ဒလန်တွေပဲရွာတွေထဲရှိနေကြတယ်။
မေး။ ။ ကနီနယ်မှာဘာကြောင့်စစ်ဘေးရှောင်တွေရှိလာရပါသလဲ။
ဖြေ။ ။စစ်တပ်ကစစ်ကြောင်းတွေထိုးထိုးလာတယ်။ ထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပစ်ကြတဲ့အခါ ကျွန်တော်တို့ဘက်ကဆုတ်ပြီး ပြေးရတာများတယ်လေ။ အဲ့တော့ဖြစ်တဲ့ရွာတွေကို စစ်တပ်ကဝင်တယ်။ ပစ္စည်းတွေအကုန်ယူတယ်။ နောက်တစ်ခုက ဒလန်က ဒီအိမ်ဒီအိမ်က ဒီလိုရှိတယ်ဆို အဲ့အိမ်ကို တော်တော်လေးရစရာမရှိအောင်လုပ်တယ်။ အဲ့တော့အတော်များများက ကြောက်ပြေးကြရတဲ့သဘောပေါ့။
မေး။ ။ ဘယ်ချိန်ကတည်းစပြီး စစ်ဘေးရှောင်ခဲ့ကြရပါသလဲ။ လက်ရှိအခြေအနေရောဘယ်လိုရှိပါသလဲ။
ဖြေ။ ။လွန်ခဲ့တဲ့နှစ်လလောက်ကစပြီးရှောင်ရတာပါပဲ။ ကျွန်တော်တို့ဆီမှာကအုပ်စုက ၄၈ စုရှိတယ်။ ကျေးရွာပေါင်းက၂၀၀နီးပါးရှိတယ်။ စစ်တပ်ကိုထောက်ခံတဲ့ရွာလည်းရှိတယ်။ မထောက်ခံတဲ့ရွာတွေနဲ့လူတွေ အကုန်ပြေးရတာပေါ့။ လက်ရှိကတော့ စားဝတ်နေရေးအတွက် အလှူခံပြီးစားရတာတွေရှိတယ်။ သိပ်တော့အကောင်းကြီးတော့မရှိပါဘူး။ ငါးပိဗူးလေးတွေဘာလေးတွေတော့ရှိပါတယ်။ တစ်နယ်လုံးကစစ်ဘေးရှောင်တွေအတွက် ခြုံပြီးတော့ပြောဖို့ခက်ပါတယ်။တချို့နေရာတွေဆို ဘယ်လိုဖြစ်နေလဲဆိုတော့ တော်တော်လေးရှုပ်ထွေးနေတော့ အပိုင်းပိုင်းတွေကွဲနေတာရှိတယ်။
မေး။ ။ အပြင်မှာကိုဗစ်လည်းဖြစ်နေတယ်ဆိုတော့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေရဲ့ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တောထဲမှာရောက်နေတာဆိုတော့ ကိုဗစ်နဲ့ပတ်သက်လို့ ကူးတာဘာညာတော့မကြားရသေးပါဘူး။ ကိုဗစ်ကမြို့ပေါ်မှာပဲကူးနေတာပေါ့။ လောလောဆယ်ရေမသန့်တာတွေဘာတွေကြောင့်ပဲ ဝမ်းပျက်ဝမ်းလျှောတာတွေတော့ဖြစ်ပါတယ်။ ကလေးတွေ မိုးရာသီခြင်ကိုက်ဘာကိုက်နဲ့ဆိုတော့ အဲ့တာနဲ့ဆိုင်တဲ့ရောဂါတွေတော့ရှိပါတယ်။ ပြီးတော့စစ်ရှောင်တဲ့ထဲမှာ CDMလုပ်ထားတဲ့ဆရာဝန်တွေပါတော့ လိုတဲ့ဆေးတွေမှာယူပြီး ကုသပေးတာမျိုးလုပ်ပေးနေပါတယ်။
မေး။ ။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအခြေအနေလေး အတွေ့အကြုံလေးပြောပြပေးပါဦး။ စစ်တပ်ကရော ဘယ်လောက်ကျဆုံးခဲ့သလဲ။
ဖြေ။ ။တိုက်ပွဲတွေတော့အကြီးအကျယ်ဖြစ်ခဲ့တာပေါ့။ စဖြစ်ဖြစ်ချင်းတော့ သူပစ်ကိုယ်ပစ်ပုံစံမျိုးဆိုတော့ စစ်တပ်ကတိုက်ပွဲတစ်ပွဲကို ၂၀၊၃၀၊၄၀လောက်ကျတယ်။ အထိနာတာတွေကိုရှိတယ်။ နောက်ပိုင်းကျတော့ သူတို့ကလက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့တော့ သူတို့နဲ့ကပ်မရတော့ ဘယ်လောက်ကျတယ်ဆိုတာ နောက်ပိုင်းမသိရတော့ဘူး။ ကျွန်တော်တို့သေနတ်တွေကျတော့ အဝေးကြီးပစ်မရဘူး။ မိုးရွာရင်လည်း သေနတ်ကပစ်လို့အဆင်မပြေဘူး။ လက်နက်ပိုင်းမှာတော့ အခက်အခဲရှိတာပေါ့။ ပထမဆုံးပွဲမှာက ဘာမှမရှိဘဲတိုက်ရဝာာ၊ ဓားလေးတွေပဲပါတယ်။ သေနတ်လာပို့တဲ့ကားနဲ့လွဲတယ်။ ဘုန်းကြီးကိုလာဆွဲရာကနေစဖြစ်ကြတာပေါ့။ သူကပြန်လိုက် ကိုယ်ကပြန်လိုက်နဲ့ ပြေးရလွှားရတာတွေတော့ရှိတာပေါ့။ လက်နက်ကားနဲ့တွေ့တော့ လက်နက်တွေယူပြီး နေ့ခင်းနှစ်နာရီလောက်ကနေ စတိုက်ခဲ့ကြရဝာာပေါ့။
မေး။ ။ စစ်တပ်က အရပ်သားတွေကိုနှိပ်စက်ပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာမျိုးလည်းရှိခဲ့တယ်။ အဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ဒါမျိုးလုပ်တာကတော့ သူတို့တော်တော်လေးယုတ်မာတာပေါ့။ စစ်ရှောင်တဲ့နေရာထဲအထိ လိုက်ပြီးလုပ်တာမျိုးတွေလည်းရှိတယ်။ အဲ့တာကို လက်မခံနိုင်ဘူးပေါ့ဗျာ။ အဲ့တာကြောင့်လည်း ခုလိုတိုက်ခိုက်နေကြတာပေါ့။ သူတို့လည်း အဲ့လိုအခြေအနေရောက်အောင် ဆွဲခေါ်နေသလားမသိပါဘူး။ ကျွန်တော်တို့ ငြိမ်နေတယ်။ ငြိမ်ပြီးတော့ ပလန်ချပြီးလုပ်နေတဲ့ချိန်တွေဆို စိတ်ကိုလာဆွတဲ့ပုံစံမျိုးလုပ်ပြီး ကျွန်တော်တို့ကိုထွက်လာအောင်လုပ်တယ်လို့ထင်တယ်။ စစ်တပ်က တိရစ္ဆာန်တွေလည်း ဒိုင်းကာလုပ်တာရှိတယ်။ ခရီးသည်ယာဉ်တွေကိုဝင်စီးပြီး လူသားဒိုင်းကာလုပ်တာမျိုးတွေလုပ်တယ်။
မေး။ ။ စစ်ရှောင်စခန်းတွေမှာလက်ရှိအဆိုးဆုံးကြုံနေရတဲ့အခက်အခဲကဘာများဖြစ်မလဲ။
ဖြေ။ ။စစ်ရှောင်နေတဲ့သူတွေကလည်း တိုက်တဲ့ခိုက်တဲ့သူတွေ ကိုယ့်ကိုကိုယ်ကာကွယ်နေရတဲ့သူတွေဆိုတော့ အခုအနေအထားမှာ ပြောချင်တာတစ်ခုကတော့ လက်နက်ပဲဗျ။ လက်နက်မကောင်းတာပဲ ကျနော်တို့အတွက်အဆိုးဆုံးဖြစ်နေတာ။ သူတစ်ပြန်ကိုယ်တစ်ပြန်ပစ်နိုင်တဲ့ အနေအထားမျိုးလောက်ရှိချင်တယ်။ PDFဆိုတာလည်း တနယ်လုံးကိုခြုံပြီးတော့ပြောလိုက်တာ၊ တနယ်လုံးကလူတွေပါတယ်ပေါ့။ အခြားကတော့PDFဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်လည်းမပြောတတ်ပါဘူး။
မေး။ ။ စစ်ရှောင်စခန်းတွေမှာဘာအခက်အခဲတွေရှိပါသလဲ။
ဖြေ။ ။စစ်ရှောင်စခန်းတွေမှာက စစ်ဘေးရှောင်တွေအားလုံးစုပြီး နေကြတာမျိုးမဟုတ်ဘဲ တစ်ရွာစီရှောင်နေကြတဲ့သဘောမျိုးပါ။ ဘာတွေအခက်အခဲရှိလဲဆိုတော့ လက်ရှိကတော့ အစားအသောက်တွေ၊ ဆေးဝါးတွေခက်ခဲတော့ အဲ့တာတွေလိုအပ်ပါတယ်။ အစပိုင်းတုန်းက မိုးကာတွေဘာတွေမရှိတော့ သစ်ပင်အရိပ်ကြီးကြီးအောက်မှာ နေခဲ့ကြရတယ်။ အခုကတော့မိုးကာတွေဘာတွေပြည့်ပြည့်စုံစုံဖြစ်သွားတော့ အဲ့ဒါနဲ့ တဲလေးတွေထိုးပြီးနေကြပါတယ်။ တကယ်တမ်းစစ်တပ်ကနင်းလာပြီကြားရရင်တော့ အလွတ်ထွက်ပြီးပြေးဖို့အတွက်လည်း အဆင်သင့်ပြင်ထားရပါတယ်။ စစ်ရှောင်ဆိုတာလည်းတခြားမဟုတ်ဘူး။ တစ်နယ်လုံးအနေအထားကြီးနဲ့ထွက်တိုက်ထားတာဆိုတော့ စစ်တပ်ကလာတယ်ဆိုတဲ့အသံကြားရင် အားလုံးအသင့်ပြင်ထားရတယ်။ အားလုံးကိုယ့်လုံခြုံရေးကိုယ်ယူနေကြရတာပေါ့။ မိသားစုတွေအတွက်လည်းလုံခြုံရေးယူကြရတာပေါ့။ သက်ကြီးဘိုးဘွားတွေ၊ ကလေးတွေလည်းရှိတော့ ပိုဂရုစိုက်ကြရပါတယ်။
#ကနီ #စစ်ဘေးရှောင် #PDF #တိုက်ပွဲ #MPA