အနှိုင်းမဲ့အကြင်နာပရိဟိတ ဦးကိုကိုအောင်၏ ဝက်ဝံ (၅) ကောင်အား တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မှ ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်လိုက်ပြီ ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဝက်ဝံ ၅ ကောင်အပါအဝင် ဝက်ဝံ ၇ ကောင်ကို ငယ်စဉ်ကတည်းက အနှိုင်းမဲ့အကြင်နာပရိဟိတ ဦးကိုကိုအောင်မှ ကျွေးမွေးကာ မွေးမြူစောင့်ရှောက်ထားခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်က ဝက်ဝံ ၂ ကောင်၏ ကိုက်သတ်မှုကြောင့် ဦးကိုကိုအောင် သေဆုံးခဲ့ရသည်။
ယင်းဝက်ဝံ ၇ ကောင်ထဲမှ အရိုင်းဝင်နေသည့် ချစ်ပိုနှင့် အိစိကွေးအမည်ရှိ ဝက်ဝံနှစ်ကောင်က ကိုက်သတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် အနှိုင်းမဲ့အကြင်နာပရိဟိတ ဦးကိုကိုအောင်၏ မိန်းမဖြစ်သူမှ တောင်ငူက တာဝန်ရှိသူများကိုအကူအညီတောင်းမှုကြောင့် ပြီးခဲ့သည့်ဧပြီလ၇ရက်နေ့ တွင်ပင် အရိုင်းစိတ်ဝင်နေသည့် ဝက်ဝံနှစ်ကောင်အား ပစ်သတ်ပြီး အလောင်းကိုထုတ်ယူကာ တောင်ငူ ဆေးရုံသို့ သယ်ယူသွားခဲ့သည်။
ထို့နောက် ကျန်ရှိနေသည့် ဝက်ဝံ ၅ကောင်ကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏ တာဝန်ရှိသူများက တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၄၇) ရှိ Pioneer စားသောက်ဆိုင်သို့ သွားရောက်ပြီး ခေါ်ယူသယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ဧပြီလ ၁၂ရက်နေ့ထဲက သွားပြီးခေါ်ယူထားတာပါ။မနေ့ကမှ ပြည်သူတွေကိုချပြတာပေါ့။ သူတို့လေးတွေ ပျော်ပျော်ရွှင်ပါပဲ” ဟု တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏ ဝက်ဝံမျိုးရိုးခွဲခြားသတ်မှတ်ချက်များအရ ဝက်ဝံမ မိကောင်းနှင့် အူဝဲတို့မှာ ပသျှူး ဝက်ဝံ မျိုးစိတ်များ ဖြစ်ကြပြီး ပြာလချောင်၊ ချစ်ချစ်နှင့် လက်တိုတို့မှာ ဟိမဝန္တာဝက်ဝံမျိုးစိတ်များဖြစ်ကြောင်း သိရသည်။
“သူတို့က ငယ်ငယ်ကတည်းက လူနဲ့ယဉ်ပါးလာတော့ တောထဲဘေးမဲ့ပေးလည်း လူနားပြန်ရောက်လာပြီး အရိုင်းစိတ်ဝင်ရင် အန္တရာယ် ပေးမှာစိုးလို့ ထိန်းသိမ်းလိုက်တာပါ။ အလိမ္မာဆုံး မိကောင်းကိုတော့ လွှတ်ကွင်းထဲ လွှတ်ထားလို့ရနေပြီ။ ကျန်တဲ့ လေးကောင်ကိုတော့ ကျင့်သားရအောင်ထိန်းနေတုန်းပါပဲ ” ဟု တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ဧပြီလ ၁၂ရက်နေ့ကစပြီး ဝက်ဝံများကို တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၏ သဘာဝပတ်ဝန်းကျင် နှင့် အသားကျ ရင်းနှီးမှုရှိစေရန် ဝန်ထမ်းများမှ နေ့စဉ် ကြိုးစားထိန်းကျောင်းလျက်ရှိပြီး အစားအသောက်များကိုလည်း ကျန်းမာရေးနှင့် ညီညွတ်ပြီး အဟာရမျှတမှုရှိစေရန် ခါကြက်ဥ၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ထန်းလျက်၊ ထမင်း၊ ကန်စွန်းရွက်၊ ကုလားပဲတို့ ကျွေးမွေး လေ့ကျင့် ပေးနေကြောင်းတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကိုအောင်လဲ တမလွန်ကနေသိရင် အရမ်းဝမ်းသာမှာပါ။ သူက အရမ်းချစ်လို့ ဝက်ဝံလေးတွေကို ကလေးတွေလိုသဘောထားပြီး တူတူအိပ်၊ တူတူကစားနေကြ။ တိရိစ္ဆာန်ဆိုတော့ အရိုင်းစိတ်ဝင်တုန်းဖြစ်သွားတာ။ မထင်ထားမိတာနေမှာပါ။ အခုတော့ သူတို့လေးတွေကို စိတ်ချလို့ရပါပြီ ” ဟု အနှိုင်းမဲ့အကြင်နာပရိဟိတ ဦးကိုကိုအောင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) မှ သဘာဝတရားနှင့် နီးစပ်အောင် ပြုလုပ်ထားသော ပြကွက်များရှိသည့် လွှတ်ကွင်းထဲသို့ ဦးအောင်၏ဝက်ဝံများကို အလှည့်ကျ လေ့ကျင့်လွှတ်ကျောင်းပေးလျက်ရှိပြီး ပျော်ရွှင်လွတ်လပ်စွာ ဆော့ကစားလျက်ရှိကာ လာရောက်ကြည့်ရှုလည်ပတ်သည့် ဧည့်သည်များနှင့် ရင်းနှီး ကျွမ်းဝင်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။