3 May 2022 By MPA
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သော မြန်မာတိုင်းရင်းသားလူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးများနှင့် ကလေးများကာကွယ်စောင့်ရှောက်ရေး အရေးကို ဆောင်ရွက်ပေးနေသည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ကို တောင်ကိုရီးယားနိုင်ငံက ပေးအပ်သည့် ၂၀၂၂ ခုနှစ်၏ Gwangju Prize for Human Right (ဂွမ်ဂျူးလူ့အခွင့်အရေးဆု)အတွက် ယနေ့ မေလ ၃ ရက်တွင် ရွေးချယ်လိုက်သည်။
ယင်းဆုသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ကမ္ဘာတဝှမ်းသွေးစည်းညီညွတ်ရေးအတွက် မြှင့်တင် လုပ်ဆောင်ပေးနေသည့် ဂွမ်ဂျူးမြို့ ဒီမိုကရေစီအရေးတော်ပုံအတွက် အမှတ်တရ တည်ထောင်ထားသည့် “မေလ ၁၈ အမှတ်တရဖောင်ဒေးရှင်း” အမည်ရ အဖွဲ့အစည်းမှ ရွေးချယ်ပေးအပ်ချီး မြှင့်ုခြင်းဖြစ်သည်။
ဆုရွေးချယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် ဒေါက်တာစင်သီယာမောင်၏ လူသားချင်းစာနာမှု လုပ်ဆောင်ချက်များသည် ပြည်သူများ၏ ဘဝများကို ကယ်တင်ပေးရာရောက်ပြီး မြန်မာပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာစေကြောင်း” အသိပေးဖော်ပြထားသည်။
မယ်တော်ဆေးခန်း၏ တရားဝင် Facebook Page စာမျက်နှာတွင် ဆရာမကြီး ဒေါက်တာ စင်သီယာမောင် အမြဲတမ်းပြောဆိုလေ့ရှိသောစကားမှာ “ဒီဆုရရှိခြင်းသည် သူမ၏ မမောမပမ်းလုပ်ဆောင်ချက် တခုတည်းအတွက် သာမကဘဲ ကာလရှည်ကြာပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုနှင့်မရေမတွက်နိုင်သော ဒုက္ခများကို ရင်ဆိုင်နေခဲ့ရသည့် မြန်မာပြည်သူများအတွက် မယ်တော်ဆေးခန်းဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ထောက်ပံ့များနှင့်ကူညီမှုများကြောင့် ရသည့်ဆုသာဖြစ်သည်”ဟု ဖော်ပြထားသည်။
ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး နောက်ဆုံး မြန်မာစစ်တပ်၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။
၁၉၈၉ ခုနှစ်တွင် ဒေါက်တာစင်သီယာမောင်သည် မြန်မာစစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့ရသည့် မြန်မာဒုက္ခသည်များကို ဆေးကုသပေးရန်အတွက် မဲဆောက်တွင် ကျောင်းသားဆေးခန်းဟု လူသိများသော မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သည်။
ဒေါက်တာ စင်သီယာမောင်၏ ဦးဆောင်မှုဖြင့် မယ်တော်ဆေးခန်းသည် ဒုက္ခသည်များအတွက် ခိုလှုံရာနေရာတစ်ခုကဲ့သို့ ဖြစ်လာသလို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာစစ်တပ်၏ နှိပ်စက်ညှဉ်းပန်းခံရသူများအတွက် ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုနှင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသည့် နေရာတစ်ခုလို ဖြစ်စေခဲ့သည်။
ထို့အပြင် ဒေါက်တာ စင်သီယာမောင်သည် ဆေးဘက်ဆိုင်ရာ ပံ့ပိုးကူညီမှု (ဥပမာ- စွမ်းရည်မြှင့်တင်ရေးပရောဂျက်များ) အပြင် လူမှုရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
#ဆရာမကြီး #ဒေါက်တာစင်သီယာမောင် #လူအခွင့်အရေးဆု #MPA