မဲဆောက်မြို့ တစ်နေရာက မူကထ (ဟော့ပေါ့) ဆိုင်ထဲမှာ မနှင်း (အမည်လွှဲ) တစ်ယောက် မူကထစားသုံးဖို့ လာရောက်သူ တွေကို ဖော်ရွေစွာ နှုတ်ဆက်ပြီး ဂတ်စ်မီးဖို ပြင်ဆင်ပေးနေပါတယ်။ တဆက်တည်း ဆိုင်မှာရတဲ့ အစားအသောက်တွေ ရှင်းပြပေးနေပါတယ်။
အဲဒီနောက်တော့ ဆိုင်ရဲ့ ထောင့်တနေရာမှာ နောက်ထပ် စားသုံးသူမလာမချင်း ဆိုင်ထဲက စားသုံးသူတွေကို စောင့်ကြည့်ပြီး စားသောက်ဝိုင်း တစ်ဝိုင်းပြီးတာနဲ့ သန့်ရှင်းရေး ပြန်လုပ်ပေးဖို့ အပြေးအလွှား သွားရပြန်ပါတယ်။
အလုပ်က နေ့လယ် ၂ နာရီ စတာမို့ နေ့လယ်ကောင် နေပူကျဲတဲမှာ အလုပ်ကို အပြေးအလွှားသွားရသလို ည ၁၁ နာရီမှ ဆိုင်သိမ်းတာမို့ တစ်ယောက်ထဲ စက်ဘီးတစ်စီးနဲ့ ညဉ့်နက်သန်းခေါင် ပြန်ရတဲ့ အလုပ်ကို နေ့စဉ် ဆိုသလို လုပ်ကိုင်နေရပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ မနှင်းဟာ တကယ်တော့ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် စာသင်ကျောင်းကို စွန့်ခွာကာ ထိုင်းနိုင်ငံမှာ ကြုံရာ အလုပ်လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
“ ညီမဒီစရောက်တော့ အကူအညီတွေ မဲ့ခဲ့တယ်။ ကိုယ်နဲ့မသိတဲ့သူ တစ်ယောက် အိမ်မှာကပ်နေခဲ့ရပြီး တစ်ခါတလေပိုက်ဆံမရှိလို့ ဘာမှမစားရတဲ့နေ့တွေ တောင်ရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂ နှစ်အလွန်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို စတေးပြီး ပညာဆက်လက်သင်ယူခွင့်မရတော့ဘဲ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ သူတွေမှာ မနှင်းတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။
အချို့က နိုင်ငံပြင်ပမှာ၊ အချို့က တောထဲမှာ၊ အချို့က မြို့ပေါ်မှာ၊ အချို့ကတော့ ထောင်ထဲနဲ့ အကျဉ်းစခန်း တွေမှာ ရောက်နေကြပြီး ဖြစ်သမျှကို ရင်ဆိုင်နေရသလို အချို့လည်း အကြမ်းဖက် စစ်အုပ်စုလက်ချက်နဲ့ သေဆုံးကုန်ကြပါပြီ။
ကျောင်းနေအရွယ်ဖြစ်တဲ့ အသက် ၁၉ နှစ်အောက် လူငယ်နဲ့ ကလေးငယ်စုစုပေါင်း ၅၀၀ နီးပါးကို စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးနဲ့ သတ်ဖြတ်ထားသလို ဖမ်းဆီးခံရသူ ၂၀၀၀၀ ကျော်မှာလည်း လူငယ်တွေက အများဆုံးပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ပညာရေးကို ဆက်မသင်ချင်လို့ CDM လုပ်ခဲ့သူ မနှင်းဟာ စစ်အာဏာရှင်ကို တော်လှန်တဲ့ဆန္ဒပြပွဲတွေမှာလည်း နေ့စဉ်မပြတ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေ ပါဝင်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရမယ့် အခြေအနေကို ရင်ဆိုင်ကြုံတွေ့တာကြောင့် ကရင်ပြည်နယ်ကနေ တဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတာလည်း ဖြစ်ပါတယ်။
မနှင်းတို့လို တော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် ပါဝင်သူတွေရော စစ်ကောင်စီလက်အောက်ခံ ပညာရေးကို သင်ယူလိုစိတ်မရှိလို့ CDM လုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သန်းနဲ့ချီ ရှိနေပါတယ်။
စစ်ကောင်စီအာဏာသိမ်ပြီး နှစ်နှစ်အတွင်းကျောင်းပြင်ပရောက်သွားတဲ့ ကျောင်းသားကျောင်းသူ ပေါင်း ၇ ဒသမ ၈ သန်းရှိတယ်လို့ နိုင်ငံတကာ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Save the Childrenက ၂၀၂၂ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းပြန်တက်နေပြီလို့ စစ်ကောင်စီက ဝါဒဖြန့်မီဒီယာတွေကနေ တတွင်တွင် ကြွေးကြော်နေပေမယ့်လည်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေး ပွဲဝင်ရောက်ဖြေဆိုသူ ၁ သိန်းကျော်သာ ရှိခဲ့ပါတယ်။
အရပ်သားအစိုးရလက်ထက် ကျင်းပခဲ့တဲ့ နောက်ဆုံးစာမေးပွဲ တစ်ခုဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူဟာ ၉ သိန်းကျော် ရှိခဲ့ပါတယ်။
ဒီကွာခြားချက်ဟာ မနှင်းတို့လို ကျောင်းသား၊ ကျောင်းသူတွေ ဘယ်နှစ်ယောက်လောက် ပညာသင်ခွင့် ဆုံးရှုံးခံလိုက်ရပြီဆိုတာကို ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။
မသဇင် (အမည်လွှဲ) ဟာဆိုရင်လည်း မနှင်းလို တက္ကသိုလ်ဝင်တန်းတက်ရောက်နေရင်းနဲ့ CDM ပြုလုပ်ခဲ့သူ ကျောင်းသူ တစ်ဦးပါ။
သူဟာဆိုရင်မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး ကျောင်းပြန်တက်ချင်ခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်ချိန်မှာတော့ ပညာရေးကို လက်လွှတ်ပြီး မိသားစုစားဝတ်နေရေးကို ရွေးချယ်ကာ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်နေရပါတယ်။
ပညာရေးရည်မှန်းချက်ကို လက်လွှတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်ဝင်နေရတဲ့ သူ့အတွက် အခက်အခဲတွေက အဆင်သင့် စောင့်ကြိုနေပါတယ်။
“ကိုယ်ဘက်ကကောင်း အောင်လုပ်ပြလဲအထက်ကသူတွေကတစ်ခါတစ်လေကောင်းတယ်လို့မထင်ကြဘူး တစ်ခါတလေ တစ်လလုံးနေမှ တစ်ခါနားရတဲ့လတွေရှိပြီး လစာလည်း သိပ်မတိုးတဲ့အပြင် တနင်္ဂနွေနေ့ တောင် ပိတ်ရက် မရဘူးလို့” ဆိုပါတယ်။
မသဇင်နဲ့ မနှင်းတို့လို အနာဂတ်ကို စွန့်လွှတ်ပြီး ဘဝကို ရင်ဆိုင် တိုက်ပွဲဝင်နေတဲ့သူတွေတင်မဟုတ်ဘဲ စစ်ကောင်စီကို လက်တွေ့ တိုက်ပွဲဝင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိနေပြန်ပါတယ်။
အဖြူအစိမ်းဝတ်ပြီး ကျောင်းတက်နေရမယ့် ၉ တန်းကျောင်းသား မောင်ဝေလင်းဟာ အခုတော့ မောင်းပြန်ရိုင်ဖယ်ကို ကိုင်ပြီး အာဏာရှင်ကို တိုက်ပွဲဝင်နေပါတယ်။
အာဏာရှင်ကို တော်လှန်ဖို့ မိသားစုကိုပါ အတိုက်အခံလုပ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုလမ်းကို လျှောက်ခဲ့ပေမယ့် တော်လှန်ရေးအတွက် လိုအပ်လာတဲ့အခါ သေနတ်ကိုပါ ဆွဲကိုင် တော်လှန်ခဲ့တာ ဖြစ်ပါတယ်။
“ကျောင်းကတော့တက်ချင်ခဲ့တာပေါ့ဗျာ။ အခုစစ်ကောင်စီပညာရေးကလည်း သိတဲ့အတိုင်းပဲ အဲဒီတော့ ဘာလုပ်ဖို့ကျောင်းဆက်တက်နေမှာလဲ ကျနော်တို့က ၁၀တန်းအောင်ချင်ရုံနဲ့ ကျောင်းတက်တာမှ မဟုတ်တာ”လို့ မောင်ဝေလင်းက ဆိုပါတယ်။
ပညာသင်ခွင့်နဲ့ အနာဂတ်တွေ ထိခိုက် ဆုံးရှုံးနေရတာဟာ အာဏာရှင် တော်လှန်ရေးကြောင့် ကိုယ်ပိုင်ဆန္ဒနဲ့ CDM လုပ်ကြတဲ့ ကျောင်းသားတွေတင် မဟုတ်ပါဘူး။
အာဏာတည်တံ့ခိုင်မြဲရေး နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ ငါ့နဲ့မတူသူ မှန်သမျှ ငါ့ရန်သူဆိုတဲ့ သဘောထားနဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ ကျေးရွာက စေတနာစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေ၊ စစ်ဘေးရှောင်စခန်းက ကျောင်းတွေပါ မချန် စီးနင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မဟုတ်တဲ့ ကျောင်းတွေမှာ စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ၊ နှိပ်စက်သတ်ဖြတ်တာတွေလည်း လုပ်နေခဲ့ပါတယ်။
အာဏာသိမ်းခံရမှုကြောင့် မောင်ဝေလင်းတို့အပါအဝင် ကျောင်းသား ကျောင်းသူများ သန်းနှင့်ချီကာ ကျောင်းပြင်ပ ရောက်သွားပြီး မျှော်လင့်ထားသမျှသော အနာဂတ်လမ်းတို့နှင့် ဝေးကွာသွားခဲ့ရပါပြီ။
ကမ္ဘာ့ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ UNICEF ကတော့ ကလေးသူငယ်သန်း ပေါင်းများစွာရဲ့ စိတ်ကျန်းမာပျော်ရွှင်မှုနဲ့ အနာဂတ်အ လားအလာများမှာ ထိခိုက်နစ်နာနေပြီ ဖြစ်တဲ့အပြင် အချို့သောဖြစ်ရပ်တွေမှာ အမြဲတမ်းနစ်နာသွားစေပါပြီ ဆိုလို့ ဆိုပါတယ်။
အထက်တန်းအဆင့် ကလေးငယ်အချို့အတွက်တော့ GED လိုမျိုး ပညာရေးစနစ်ကနေတဆင့် ပညာဆက်လက်သင်ကြားဖို့ ရွေးချယ်နိုင်ပေမယ့် ပိုမိုများပြားတဲ့ ကလေးငယ်တွေနဲ့ အခြေခံပညာ အလယ်တန်းနဲ့ မူလတန်းအဆင့်တွေရဲ့ ထိခိုက်နစ်နာမှုက အတော်ကို ဆိုးရွားပါတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
“စစ်ကောင်စီပညာ ရေးကိုတက်မဲ့အစား ၉ တန်း ၁၀ တန်းကလေးတွေက GED ကို တက်လို့ရပြီ Free Classတွေ အများကြီးရှိတယ်။ GED ဖြေပြီးရင် အနည်းဆုံးနောက်ထပ်သူတို့လိုချင်တဲ့ SAT ဖြေလို့ရတယ်”လို့ ကျောင်းသားမိဘတဦးက ဆိုပါတယ်။
GED ဆိုတာ General Educational Development လို့ ခေါ်တဲ့ အထက်တန်းအဆင့်ပညာရပ် ဆိုင်ရာ အသိအမှတ်ပြုတဲ့ စာမေးပွဲတစ်ခုဖြစ်ပြီး SAT ဆိုတာ American 4 – year Universities တွေလက်ခံတဲ့ Standardized test တစ်ခုပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း GED စာမေးပွဲကြေးတွေ၊ SAT စာမေးပွဲကြေးတွေသာမက အင်တာနက် အခက်အခဲ၊ သင်ယူလေ့လာဖို့အခက်အခဲတွေကြောင့် ပြည်တွင်းက နေရာတော်တော်များများဟာ ဒီစာမေးပွဲတွေကို ဖြေဖို့ လက်လှမ်းမမီပါဘူး။
ထိုင်းလိုနေရာမျိုး ရောက်နေခဲ့ရင်တောင် မနှင်းလို လူတွေအတွက်တော့ ဒီစာမေးပွဲတွေကို ပြန်ဖြေနိုင်လောက်တဲ့ အခြေအနေမှာ မရှိသလို မသဇင်လိုသူတွေအတွက်လည်း လက်လှမ်းမမီပါဘူး။
သူတို့ထက်ငယ်တဲ့ ကလေးငယ်တွေအတွက်တော့ ခိုင်မာတဲ့ အစာထိုး ပညာရေးစနစ်ဆိုတာ မရှိသေးပါဘူး။
ကျောင်းသား မိဘတစ်ဦးကလည်း “ကျန်တဲ့အငယ်တန်းတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာတောင် ပညာရေးကရပ်ထားလို့မရဘူး။ ကလေးတွေရဲ့ဒီအချိန်ဆိုတာပြန်မရဘူး သူတို့အရွယ်နဲ့သင်ရမယ့် ပညာရေးတွေကအများကြီးလေ”လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ပဋိပက္ခဒေသက ကလေးငယ်တွေကတော့ စာသင်ရင်းပြေး၊ ပြေးရင်း စာသင်နေရပါတယ်။
ဒီကြားထားကပဲ စစ်ကိုင်းတိုင်းက လက်ယက်ကုန်းစာသင်ကျောင်းကိစ္စလို စာသင်ကျောင်းကို တည့်တည့်မတ်မတ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကိစ္စတွေက ရှိနေပါသေးတယ်။
ပြည်သူ့ပညာရေးကို တိုက်ခိုက်ခြင်းက ဒီမိုကရေစီကို တိုက်ခိုက်ခြင်းပါပဲလို့ နယူးယောက်တက္ကသိုလ်က ပညာရေးဆိုင်ရာ သုတေသနပါမောက္ခ ဒိုင်ယန်ရာဗစ်ချ်က ပြောခဲ့ဖူးပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာသာ ဘယ်လိုနိုင်ငံမျိုးမှာ မဆို နိုင်ငံတိုးတက်ဖို့အတွက် လူငယ်တွေနဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးကဏ္ဍက အလွန် အရေးပါပါတယ်။
သူတို့တွေရဲ့ အနာဂတ်ပျောက်ဆုံးခြင်းဟာ နိုင်ငံရဲ့ အနာဂတ် ပျောက်ဆုံးခြင်းပါပဲ။
ပညာရေးမရရှိပါက နိုင်ငံ လူဦးရေ တစ်စိတ်တစ်ပိုင်းဟာ ကိုယ်ပိုင်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လူ့စွမ်းအား အရင်းမြစ်ဆုံးရှုံးမှုဟာ ကမ္ဘာ့စီးပွားရေးမှာ နိုင်ငံရဲ့ တိုးတက်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေပါတယ်။
ပညာရေးချို့တဲ့မှုတွေဟာ လူတစ်ဦးချင်းစီအတွက် စီးပွားရေးအခွင့်အလမ်းတွေကို ကန့်သတ်ပြီး ဆင်းရဲမွဲတေမှု သံသရာကို သက်ဆိုးရှည်စေပါတယ်။ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ မရရှိတာကြောင့် လုပ်ခလစာ နည်းပါးရုံတင်မက အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဆုံးရှုံးစေပါတယ်။ ဒီပြဿနာကြောင့် နိုင်ငံအတွင်းမှာ ဝင်ငွေ မညီမျှမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေကိုလည်း ကြီးကြီးမားမား ဖြစ်ပွားစေပါတယ်။
ပညာမတတ်သူနဲ့ အလုပ်လက်မဲ့ လူငယ် လူဦးရေများပြားနေလျင် စိတ်ပျက်အားငယ်မှု၊ လူမှုရေးအရ မငြိမ်သက်မှုနဲ့ ပဋိပက္ခတွေ ပိုများစေပါတယ်။ ဆန်းသစ်တီထွင်မှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာ ဖြေရှင်းနိုင်မှု စတဲ့ စွမ်းရည်တွေ နိမ့်ကျတာက နိုင်ငံအတွက် အရေးပါသော စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှုတွေ ခက်ခဲစေပါလိမ့်မယ်။
ဒါဟာ နိုင်ငံတကာက ကျွမ်းကျင်သူတွေရဲ့ အပေါ်ယံ သုံးသပ်ချက်တွေပဲ ဖြစ်နေပြီး ဒီထက်ပိုဆိုးရွားတဲ့ အခြေအနေတွေလည်း ကြုံတွေ့ရဦးမှာပါ။
အာဏာသိမ်းမှုဟာ နိုင်ငံကို အဆိုးဆုံးအခြေအနေကို ဆွဲချဖို့အတွက် လမ်းကြောင်း သက်သက်ပဲ ဖြစ်ပြီး အာဏာရှင်တွေကတော့ ပညာမတတ်တဲ့သူတွေကြားမှာ အကြောက်တရား ပျိုးထောင်ရတာ ပိုမိုလွယ်ကူတာကြောင့် ပညာမတတ်သူများလေ သဘောတွေ့လေပဲလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
“အကြောက်တရားက အာဏာရှင် စနစ်အတွက် အရေးကြီးဆုံး လောင်စာပဲ။ ပညာမတတ်လေ၊ အဆင်ခြင် မဲ့လေ။ သူတို့ ဖြန့်ချင်တဲ့ ဝါဒမှိုင်းတွေ၊ အကြောက်တရားတွေ ဖြန့်ဖြူးဖို့ လွယ်လေပဲ”လို့ နိုင်ငံရေးလေ့လာသူ တစ်ဦးက ဆိုပါတယ်။
ဒါကြောင့် အာဏာရှင်တော်လှန်ရေး လုပ်နေတုန်း တပြိုင်တည်းမှာ ကျောင်းပြင်ပရောက်သွားတဲ့ ဒီကလေးငယ်တွေ အနာဂတ်နဲ့ ပညာသင်ကြားရေးကို နည်းမျိုးစုံနဲ့ ကြိုးစားဖို့ လိုပါတယ်လို့ သူက ဆိုပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေရော၊ ကျောင်းသားမိဘတွေ အပါအဝင် တနိုင်ငံလုံးက ဒါကို အာရုံစိုက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ စစ်ဘေးရှောင်စခန်းတွေမှာ ရှိတဲ့ ကလေးတွေ ပညာရေးအတွက်တောင် အထောက်အပံ့တွေက အများကြီး လိုအပ်နေဆဲလို့ မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက် ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“လိုအပ်တဲ့အရာတွေကတော့ အများကြီးပေါ့ဗျာ ကျောင်းဆောင်လိုတဲ့နေရာ တွေရှိသလို သင်ထောက်ကူ ပစ္စည်းလိုအပ်တဲ့နေရာတွေလဲရှိနေတယ်”လို့ ဆိုပါတယ်။
တော်လှန်ရေး ခရီးဟာ ၂ နှစ်ကျော်လို့ ၃ နှစ်တာ ခရီးကို ရောက်တော့မှာပါ။ ပညာသင်ကြားခွင့် ၃ နှစ်တာ ဆုံးရှုံးတယ်ဆိုတာဟာ အင်မတန်ဆိုးရွားတဲ့ အခြေအနေ တစ်ခုဖြစ်တာကြောင့် ပိုကောင်းမွန်တဲ့ ကြားကာလ ပညာရေးကို ဖော်ဆောင်ဖို့ လိုအပ်နေပြီလို့ ပညာရှင်တွေက ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ဥပဒေပညာရှင်ဖြစ်ချင်သူတွေ၊ ဆရာဝန်ဖြစ်ချင်သူတွေ၊ သူနာပြု ကျောင်း တက်နေသူ၊ အင်ဂျင်နီယာ ကျောင်းတက်နေသူတွေနဲ့ အခြေခံပညာက ကလေးငယ်တွေအပါအဝင် ကျောင်းသား၊ ကျောင်းသူပေါင်း သန်းနဲ့ချီဟာ အာဏာရှင်တော်လှန်ရေးမှာ မနှင်းလိုပဲ သူတို့ရဲ့ ရည်မှန်းချက်တွေကို စွန့်လွှတ် ပေးဆပ်ရတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။
စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် သူ့ရဲ့ ဧည့်လမ်းညွှန်ဖြစ်ချင်တဲ့ အိပ်မက်ကို စတေးပစ်လိုက်ရပြီဖြစ်တဲ့ မနှင်းကတော့ အခုလိုပဲ ညည်းတွားခဲ့ပါတယ်။
“ဝမ်းစာအတွက် တစ်နေ့ ထမင်းနှစ်နပ်ပုံမှန်စားရဖို့နဲ့ အိမ်လခ၊ ရေဖိုး၊ မီးဖိုပေးရဖို့အတွက်ပဲ အလုပ်လုပ်နေရတာ။ ဘဝအတွက် အကြီးမားဆုံး ဆုံးရှုံးမှုက ရည်မှန်းချက်ပဲ”