ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆို အရှေ့ခြမ်းကို စစ်ကောင်စီတပ်က နေ့ရောညပါလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မေလ ၂၄ရက်နေ့၊ ည ၁၀နာရီ ၊၄၅မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီမော့ဆို အနောက်ခြမ်းတစ်နေရာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံး ၆လုံးကြဲသွားကာ ဒီမော့ဆို အရှေ့ခြမ်း တစ်နေရာကိုလည်း
လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ကပြောသည်။
“ မနေ့ည ၁၀နာရီ ၁၄မိနစ်လောက်က တိုက်ပွဲဖြစ်ပွားတာလုံးဝမရှိတဲ့ ဒီမော့ဆို အနောက်ခြမ်းကို ကြဲသွားတာ။အိမ်တွေပါတုန်တယ်။ဗုံးအားက ပြင်းတယ်။ထိခိုက်မှုများတယ်။သေဆုံးမှုလည်းရှိတယ်။အသေးစိတ်ကိုတော့
KNDFဘက်က ထုတ်ပြန်ပါလိမ့်မယ်။ ည၁၁နာရီ ၂၀လောက်မှာ လွိုင်ကော်ကနေ ဒီမော့ဆိုအရှေ့ခြမ်းကို လက်နက်ကြီးနဲ့ ဆက်တိုက်ရမ်းထုနေတာ” ဟု ၎င်းကပြောသည်။
ယနေ့ (မေ ၂၅ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ဒီမော့ဆို အရှေ့ခြမ်းရှိ တနီးလာလဲ တောင်ပေါ်တစ်ကြောကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ မွန်းလွဲ၃နာရီ ခန့်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လိုဘာခိုသင်္ချိုင်း အနီးတဝိုက်ကိုဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသေးကြောင်းသိရသည်။
“ ထိခိုက်မှုတွေကတော့ သေသေချာချာမသိရသေးဘူး။မနက်အစောတည်းက ဂျက်လေယာဉ်ဝဲနေတာ။မနက် ၁၀နာရီ ၄၅လောက်မှာ တနီးလာလဲ ဘက်ကို ဗုံးစကြဲတယ်။တစ်လုံးမကဘူး များတယ်။နေ့လည်ကျတော့ တောင်ငူဘက်ကနေ ဂျက်လေယာဉ်တက်လာပြီး လိုဘာခိုသင်္ချိုင်းနားကို ကြဲသွားတာ” ဟု ၎င်းက ပြောသည်။ ဖယ်ခုံမြို့တွင် စစ်ကားအများအပြားရောက်ရှိနေကြောင်းလည်း သိရသည်။
လက်ရှိတွင် ကယား(ကရင်နီ)ပြည်နယ်တစ်ခုလုံးနီးပါး
ဖုန်းလိုင်း များမကောင်းဖြစ်နေပြီး အင်တာနက်လိုင်း ဖြတ်တောက်ခံရခြင်းမရှိသေးပေ။
ယနေ့ညနေ ၅နာရီ ၅မိနစ်အထိ ဒီမော့ဆိုအရှေ့ခြမ်းတဝိုက်တွင် ကင်းထောက်ဂျက်လေယာဉ်များ ဝဲပျံနေကြောင်းဒေသခံများထံက သိရသည်။