တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် PDF ရဲဘော် တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ ကျဆုံးသွားကြောင်းသိရသည်။
စက်တင်ဘာ ၁၁ရက်နေ့၊ နံနက်၇နာရီ ၁၅မိနစ်ကပုလောမြို့နယ်၊ ပိတပ်ရွာထိပ်အနီး စစ်ကောင်စီတပ်နှင့် ပုလောPDFတို့ မိနစ်၄၀ခန့်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးနှင့် တစ်နေကုန် ပစ်ခတ်ခဲ့ ကြောင်း ပုလောPDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့က ပုလောရေတပ်ကကောင်တွေ ခြေလျင်စစ်ကြောင်းနဲ့ လာတုန်း ကျွန်တော်တို့ ပုလောPDFနဲ့ တွေ့တာ။သူတို့ဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးကျတယ်။ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျတယ်။နေ့လယ်လောက်မှာ ရေတပ်ကပစ်တဲ့ လက်နက်ကြီးထိပြီးကျတာပေါ့” ဟု ၎င်းကပြောသည်။
ထိတွေ့မှုဖြစ်ပွားပြီးနောက် ပုလောအခြေစိုက် ခလရ-၂၈၅တပ်ရင်း နှင့် ပုလောရေတပ်တို့က ၁၂၀(မမ)လက်နက်ကြီးဖြင့် ပိတပ်ရွာအနီးဝန်းကျင်သို့ စက်တင်ဘာ၁၁ရက်၊နံနက် ၈နာရီခန့်မှ ည ၈နာရီကျော် အထိဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏လက်နက်ကြီးကျည်ထိကာ ပိတပ်ရွာသားတစ်ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ကေအဲန်ယူတပ်မဟာ ၄၊တပ်ရင်း ၇ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းမပြုလုပ်သေးသော်လည်း ကေအဲန်ယူထိန်းချုပ်နယ်မြေနားရှိ မင်းထိန်ရွာအနီးသို့ စစ်သားအင်အား ၃၀ကျော်ဖြင့် ရောက်ရှိနေကြောင်း MPAက စုံစမ်းသိရသည်။
စစ်ကောင်စီတပ် ဗိုလ်တစ်ဦးသေဆုံးသွားခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။