၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းတွင် တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးအတွင်း၌ စစ်ဘေးရှောင်ပြည်သူဦးရေ ၃၀,၀၀၀ ကျော်ခန့်အထိရှိကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။
ထားဝယ်မြို့နယ်အတွင်း အမြဲတမ်းစစ်ရှောင်ပြည်သူ ၃၅၈ ဦးရှိနေဆဲဖြစ်ပြီး မတ်လအတွင်း နေအိမ် ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသော လောင်းလုံမြို့နယ်အတွင်းရှိ အောက်ကျောက်ဝပ်နှင့် ညောပြင်ကျေးရွာတို့မှ ဒေသခံ ၅,၀၀၀ ခန့်သည် အမြဲတမ်းစစ်ရှောင်များအဖြစ် ယနေ့အထိ ကျန်ရှိဆဲဖြစ်သည်။
“ မြေပြင်အနေအထားအရ အချက်အလက်အတိအကျရရှိရန် အခက်အခဲရှိသော်လည်း တခြားမြို့ရွာများသို့ ပြောင်းရွှေ့နေရပ်စွန့်ခွာသွားသူနှင့် မြို့နယ်အတွင်း စစ်ရှောင်လျက်နေထိုင်သူများသည် လောင်းလုံးမြို့နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် ၁၀,၀၀၀ နီးပါးခန့်အထိ ရှိနေနိုင်ဆဲဖြစ်သည်” ဟု စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။
ထို့အပြင် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် အမြဲတမ်းစစ်ရှောင်ပြည်သူ ၂,၆၀၀ ကျော်ရှိနေသည့်အပြင် ပုလောမြို့နယ်အတွင်း ဧပြီလတွင် တိုက်ပွဲတချို့ရှိခဲ့ရာ တိုက်ပွဲဖြစ်ပွားလေ့ရှိရာကျေးရွာများမှ ဒေသခံများအနေဖြင့် နေရပ်သို့ပြန်ရန် လုံးဝမဖြစ်နိုင်တော့သည့် အနေအထားများကြောင့် ပုလောမြို့နယ်အတွင်းတွင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၁ သောင်းကျော်ခန့် အထိတိုးလာကြောင်းလည်း သိရသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာဆဲဖြစ်ပြီး မော်တုန်းအနောက်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ ညောင်ပင်ကုန်း စသည့်ကျေးရွာများနှင့် ကျေးရွာတချို့မှ အမြဲတမ်းစစ်ရှောင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ခန့် ကျန်ရှိနေကြောင်း ထပ်မံသိရသည်။
ယခုဖော်ပြထားသည့် ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း အရေအတွက် ၃၀,၀၀၀ ကျော်အား ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ လက်ရှိအချိန်အထိ ထောက်ပံ့ကူညီမှုအချို့ ပြုလုပ်လျက်ရှိသည်ဟု အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
“ စစ်ရှောင်စခန်းအနေနဲ့ပြောရမယ်ဆိုရင် ပုလောမြို့နယ်မှာပဲ ရှိပါတယ်။ ထား၀ယ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်မှာ စစ်ရှောင်စခန်းဆိုပြီး သတ်သတ်မှတ်မှတ်မရှိပါဘူး။ ဒေါန-တနင်္သာရီကနေ ပုလော၊ တနင်္သာရီ၊ ထား၀ယ်၊လောင်းလုံး၊ သရက်ချောင်းတို့က စစ်ရှောင်တွေကို အခါအားလျော်စွာ ကူညီပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းရာ ” ကျန်းမာရေးအခြေအနေကတော့ နေရာဒေသအလိုက် အဆင်ပြေသလို ဖြေရှင်းနေကြပါတယ်။ ဆေးဝါး၀ယ်ယူနိုင်မှုနှင့် သယ်ယူနိုင်မှုရယ်၊ ဆေးဝါးတတ်ကျွမ်းသူရှားပါးမှုရယ်တို့က အဓိကပြဿနာပါ” ဟု ဆက်လက်ရှင်းပြသည်။
“ ပြည်သူတွေ လစဥ်ပုံမှန်မျှဝေတဲ့ အလှူငွေများနဲ့ တနင်္သာရီဒေသအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်များရှိရာနေရာများကို အလှည့်ကျကူညီပေးနေတာဖြစ်လို့ လစဥ်အလှူရှင်ဦးရေများတိုးလာမှသာ ကျွန်တော်တို့အနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေ လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်” ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။
ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ ရှိနေသရွေ့ ဒေါန-တနင်္သာရီ အဖွဲ့ ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။