စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ စစ်ဘေးရှောင်တို့၏ တဲများပြိုလဲပျက်စီးသွားပြီး အမိုးအကာနှင့်သောက်သုံးရေ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။
ဧပြီလ ၂၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရုတ်တရက်မိုးသက်လေပြင်းတိုက်ခဲ့ရာ ကနီမြို့နယ်၊ မုဋ္ဌောတောတိုက်၊ ငါးဖျက်တောတိုက်၊ တဇယ်ချောင်တောတိုက်၊ ဆင်တမ်း၊ ကင်းတောင်နှင့် သရက်တောကျေးရွာက စစ်ရှောင်ပြည်သူတို့နေထိုင်ရာ တဲများပြိုလဲပျက်စီးကုန်ကြောင်း ကနီဒေသခံတစ်ဦးကပြောသည်။
“ရာသီဥတုက အရမ်းပူတော့ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက်ကြတယ်။ ပိုဆိုးတာက သောက်သုံးရေအခက်အခဲ၊ နေအရမ်းပူတော့ တောထဲက ရေကန်တွေ ခမ်းခြောက်ကုန်တယ်။ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ မိုးရွာတယ်ဆိုပေမဲ့ ရေကမသန့်တော့ သောက်ရေအခက်အခဲပေါ့။ ခပ်ဝေးဝေးကရွာတွေလည်း သွားမခပ်ရဲကြဘူး။စစ်ကြောင်း ထိုးတာနဲ့တိုးရင် ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တယ်လေ”ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် AT ကပြောသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာမှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိ ကနီနယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၁၀၀၀ ဝန်းကျင်မီးရှို့ဖျက်ဆီးခဲ့ရာ ရွာ ၆ ရွာမှ အမြဲတမ်းစစ်ရှောင် ၅၀၀ ကျော်ယခုအချိန်ထိရှိနေသေးသည်။
“မနေ့ညနေက မိုးကြီးတယ်။ လေလည်းပြင်းတယ်။ လေရောမိုးရော ၄၅ မိနစ်လောက်ကြာတယ်ဆိုတော့ စစ်ရှောင်တွေရဲ့ တဲတွေပြိုကုန်တယ်။ပစ္စည်းတွေလည်း မိုးရေစိုလို့ ပျက်စီးကုန်တယ်။ သောက်ရေအခက်အခဲလည်းရှိတယ်။ မိုးရွာလို့ရေရတယ်ဆိုပေမဲ့ ရေကမသန့်ဘူး။ သောက်သုံးရေနဲ့ အမိုးအကာအတွက်အခက်အခဲကြုံနေရတယ်”ဟု ကနီဒေသခံတစ်ဦးကပြောသည်။
အလားတူ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ အိုင်တောင်ရွာအပါအဝင် ရွာ ၈ ရွာမှ နေအိမ် ၂၀၀ ဝန်းကျင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သေးသည်။