ရန်ကုန်မြောက်ပိုင်း ခရိုင် PDF အထူးတပ်ဖွဲ့က ထောက်ကြန့်နယ်မြေရဲစခန်းကို ၄၀မမဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီပတ်ကင်းများကို ချိန်ကိုက်ဗုံးခွဲမှုများ ယမန်နေ့ညပိုင်းက ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ပကတသတင်းထောက်လှမ်းစုဆောင်းရေးအဖွဲ့ကပြောသည်။
ယမန်နေ့ည ၇နာရီ၃၀မိနစ်ခန့်က ရန်ကုန်မြောက်ပိုင်း ခရိုင် PDF တပ်ဖွဲ့၏ လျို့ဝှက်စစ်ဆင်ရေးအနေဖြင့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို လက်နက်ကြီးအမျိုးအစားဖြစ်သည့် ၄၀မမဗုံးသီးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ ဗုံးသီးတစ်လုံးသာဖောက်ခွဲနိုင်ခဲ့ပြီး ရဲတပ်သားသေဆုံးသူ ရှိကြောင်း ပကတသတင်းထောက်လှမ်းစုဆောင်းရေးအဖွဲ့ကပြောသည်။
“နှစ်လုံးမှာ တစ်လုံးပဲပေါက်တယ်။ ကင်းစင်ပေါ်က သေမသေမသိပေမယ့် ဝင်းနားက ရဲနှစ်ကောင်ကြွတယ်။ ၈နာရီ ၁၀မိနစ်မှာ လူနာတင်ကားနဲ့လာမသွားတယ်”ဟု ပကတသတင်းထောက်လှမ်းစုဆောင်းရေးအဖွဲ့ကပြောသည်။
အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းများရှိပြီး စကစအင်အားများသည့် မင်္ဂလာဒုံမြို့နယ်အတွင်းဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ လှည့်ကင်းများနှင့် ရန်ကုန်မိန်းလမ်းမကြီးများကို ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်နေပြည်သူများကပြောသည်။
“ဒီနေ့ တာမွေမှာ ကားစစ်နေတယ်။ခါတိုင်းလိုမဟုတ်ပဲ တခြားမြို့နယ်တွေမှာလဲစစ်တယ်ပြောတယ်။တာမွေအဝိုင်းကနေ ခရီးသည်တင်လာတုန်းတွေ့မိတာ”ဟု တက္ကစီယာဉ်မောင်းတစ်ဦးက သတင်းပေးပို့သည်။
‘
လုံခြုံရေးအင်အားအပြည့်ဖြင့် ပတ်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီကားများ ရှိနေသည့်ကြားက ယမန်နေ့ ဧပြီလ ၂၇ရက်၊ည၇နာရီမှ ၁၂နာရီ ၁၁မိနစ်အတွင်း တာမွေ၊ ဗဟန်း၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာရွတ်၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ သာကေ၊ တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပတို့အတွင်း ပြင်းအားရှိ ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ပကတသတင်းထောက်လှမ်းစုဆောင်းရေးအဖွဲ့ကပြောသည်။
“အားလုံးအသိုက်ထဲရောက်နေပြီမို့ စိတ်ချရပေမယ့် နေရာအတည်တကျ တော့ ဘယ်မှာပေါက်လဲမပြောနိုင်သေးဘူး။ရန်ကုန်မှာ စစ်ဆင်ရေးက ပိုစိပ်ပြီး ပိုကြမ်းလာပြီပေါ့”ဟု ပကတသတင်းထောက်လှမ်းစုဆောင်းရေးအဖွဲ့ကပြောသည်။
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်နေသူတစ်ဦးက ယနေ့ည ၁၁နာရီ ၁၁မိနစ်ခန့်က ဗုံးပေါက်ကွဲသံအကျယ်ကြီးကြားရကြောင်းနှင့် ဘုရားလမ်းအောက်ခြမ်းမှ အကြမ်းဖက်စကစယာဉ်တန်းများထွက်ခွါသွားကြောင်း သတင်းပေးပြောဆိုသည်။
“အိမ်ကနေကြားရတာ။အကျယ်ကြီးပဲ။ချည်မျှင်နားမှာလား မသိဘူး။နေရာတော့သေချာမသိပေမယ့် ကြားလိုက်တယ်”ဟု လှိုင်မြို့နယ်နေသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့အတွင်း မြို့ပြပျောက်ကြားတပ်ဖွဲ့များ၏ လှုပ်ရှားမှုများသည် နန်းထိုက်အောင် စစ်ဆင်ရေးစတင်ချိန်မှစ၍ တော်လှန်ရေး လုပ်ဆောင်မှုများ ပိုမိုများပြားလာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ မင်္ဂလာဒုံလေတပ်တစ်ဝိုက်တွင် အစောင့်အကြပ်များပိုမိုချကာ လုံခြုံရေးတင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။