By MPA ( တစ်နှစ်ပြည့် ဆောင်းပါး )
စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နှစ်အတွင်း ပညာရေး၀န်ထမ်းများဖြစ်သော မမာလာနှင့် သူ့ခင်ပွန်းတို့၏ ဘ၀ရပ်တည်မှုနှင့်အသက်မွေး၀မ်းကျောင်းလုပ်ငန်းသည် မထင်မှတ်ထားလောက်အောင်ပင်ပြောင်းလဲခဲ့သည် ။
ခင်ပွန်းသည် သည် နေ့စဉ် ကုန်ထမ်းရမည်ဟု မတွေးမိခဲ့သလို မမာလာသည်လည်း ဘေထုပ်ရောင်းရမည်ဟု မတွေးမိခဲ့ ။
နှစ်ဦးစလုံးကနယ်မြို့လေးမှဖြစ်ပြီး ကိုယ့်မြို့ကိုယ့်ရွာမှာပင် မိဘများနှင့်တစ်သက်လုံးမခွဲမခွာနေထိုင်မည်ဟု စိတ်ကူးထားခဲ့ေသာ်လည်း အာဏာသိမ်းမှုကြောင့် ဘ၀တွေတကွဲတပြားစီဖြစ် ၊အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေကမောက်ကမဖြစ် ။
ဖေဖော်ဝါရီလအတွင်းမှာပင် CDM လှုပ်ရှားမှုတွင်ပါ၀င်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သော သူတို့မောင်နှံသည် လုံခြုံရေးအရ ၂၀၂၁ နှစ်လယ်ပိုင်းတွင်ရန်ကုန်သို့တိမ်းရှောင်ခဲ့ရပြီးနောက် ရရာအလုပ်ကိုလုပ်ကိုင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ရင်းCDM ၀န်ထမ်းအဖြစ်ဆက်လက်ရပ်တည်နေသည်။
“ အလုပ်တွေ အစုံလိုက်လျှာက်ရင်းဘယ်မှာမှမရတော့ နောက်ဆုံးဘေထုတ်ရောင်းဖြစ်သွားတာ” ဟု မမာလာကဆိုသည်။
အရောင်းစာရေးမှအစ အထည်ချုပ်စက်ရုံအလုပ်အထိအလုပ်ပေါင်း ၁၅ ခုထက်မနည်းလျှောက်ခဲ့သော်လည်းမရခဲ့ဟု သူကပြောသည် ။
မမာလာလိုပင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဘ၀တစ်ဆစ်ချိုးေပြာင်းလဲခဲ့သူများတွင် မဇွန်ပွင့်လည်း ပါ၀င်သည်။
ပြည်တွင်းကုမ္ပဏီတစ်ခုတွင် သုတေသန၀န်ထမ်းအဖြစ် ကိုးနှစ်ကျော်လုပ်လာခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည် ။
” ကိုယ်ပျော်တဲ့အလုပ်မှာ အသက်အရွယ်တစ်ခုအထိလုပ် ငွေစုပြီးရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ရန်ကုန်မှာအခြေချဖို့လုပ်ထားတာ ။ ခုအားလုံးရေစုန်မျောတာပဲ ” ဟု နယ်မှလာရောက်အလုပ်လုပ်သူတစ်ဦးလည်းဖြစ်သည့် မဇွန်ပွင့်ကပြောသည် ။
သူလုပ်ခဲ့သည့် သုတေသနအလုပ်တင်မဟုတ်ဘဲ အခြားအလုပ်များကိုပါလိုက်လျှောက်ခဲ့သော်လည်း ဖုန်းဘေလ်နှင့်အင်တာနက်ဖိုးကုန်ခြင်းသာအဖတ်တင်သည်ဟု သူက စိတ်ပျက်လက်ပျက်ပြောသည် ။
” အလုပ်တွေလျှောက်ပြီး မရတော့ Depression တောင်၀င်လာတယ် ။ အင်တာဗျူးဖြေရမှာကိုလန့်လာတယ် “ ဟု မဇွန်ပွင့်ကဆိုသည် ။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အလုပ်အကိုင် ၁.၆သန်း ဆုံးရှုံးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာရုံး (ILO)က ဇန်နဝါရီနောက်ဆုံးပတ်တွင်ထုတ်ပြန်ခဲ့သည် ။
စစ်တပ်အာဏာသိမ်းမှုသည် ကိုဗစ်-၁၉၏ ရိုက်ခတ်မှုကြောင့် ချိနဲ့နှင့်ပြီးဖြစ်သော လုပ်သားဈေး ကွက်ကို ထုနှက်လိုက်သည့်နှယ်ဖြစ်ပြီး အမျိုးသမီးအလုပ်သမားများသည် အပြင်းထန်ဆုံး ရိုက်ခတ်ခံရသူများ ဖြစ်ကြောင်း ထုတ်ပြန်ထားသည် ။
အဓိကကျသည့် လုပ်ငန်းကဏ္ဍများသည် ကြီးမားသည့် ရိုက်ခတ်မှုကိုခံစားကြရကြောင်း ၊ ကျေးလက်ဒေသ များမှလယ်သမားများသည် လက်နက်ကိုင်ပဋိပက္ခ၊ အကြမ်းဖက်မှု၊ နှင့်လုံခြုံစိတ်ချရမှုမရှိခြင်း၏ ပြင်းထန်သော ရိုက်ခတ်မှုကိုခံရကြောင်း ILO ကထုတ်ပြန်သည် ။
ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ၂၀၂၁ ခုနှစ်တွင် အပြင်းထန်ဆုံးရိုက်ခတ်ခံရသည့် လုပ်ငန်းများထဲပါခဲ့သည်။
အထည်ချုပ်လုပ်ငန်းများတွင်လည်း အလုပ်လက်မဲ့များစွာရှိလာပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုလည်း များလာကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)မှဒေါ်မျိုးမျိုးအေးကပြောသည် ။
” အော်ဒါမရကြတာတွေ ၊နိုင်ငံရေးကိစ္စတွေနဲ့ဆိုတော့ တချို့စက်ရုံတော်တော်များများက ပိတ်သိမ်းရတာတွေရှိတယ် ။ တချို့ကျတော့ ကိုဗစ်ကာလတည်းက ပိတ်ဖို့စဉ်းစားထားတာ မပိတ်သေးဘဲနဲ့မျောလာပြီး ခုကျမှ ဒါကိုအခွင့်ကောင်းယူပြီးတော့ လုပ်တာပေါ့ ” ဟု ၎င်းကပြောသည် ။
ကိုဗစ်ဒုတိယလှိုင်းတွင်အထိနာခဲ့သော ခရီးသွားလုပ်ငန်းသည်လည်း အာဏာသိမ်းခံရပြီးနောက် အလုံးစုံရပ်တန့်သွားခဲ့ပြီး အလုပ်ပြုတ်သွားသူများစွာရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်း၀န်ထမ်း လုပ်သက် ၁၀နှစ်ကျော်ရှိမပြည့်ပြည့်ကပြောသည် ။
၎င်းတို့ဧ။် ကုမ္ပဏီတွင် ကိုဗစ် ဒုတိယလိူင်းအာဏာသိမ်းမခံရခင်အထိ ဝန်ထမ်း ၄၀ ကျော်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၇ဦးပင်မပြည့်တော့ကြောင်းပြောသည် ။
” ဒီလိုဆိုးတဲ့ အခြေအနေမျိုး တစ်ခါမှမကြုံခဲ့ဖူးဘူး ” ဟု မပြည့်ပြည့်ကဆိုသည်။
မပြည့်ပြည့်သည် လုပ်သက်ရင့်၀န်ထမ်းဖြစ်၍ အလုပ်ဖြုတ်ခံရသည့်ဝန်ထမ်းများတွင်မပါဝင်ခဲ့သော်လည်း အာဏာသိမ်းခံရပြီးနောက် လစာ ၁၅ ရာခိုင်နူန်းသာရရှိတော့သည်ဟုပြောသည် ။
အလုပ်လက်မဲ့ဖြစ်ခြင်း ၊လစာအလျှော့ခံရခြင်းတို့ကြောင့် ငွေကိုယခင်လိုမသုံးနိုင်တော့ဘဲ နေ့စဉ်ပုံမှန်စားရရေးအတွက်သာအဓိကထားအသုံးပြုတော့သည်ဟု အထက်ပါအမျိုးသမီးများကပြောသည် ။
အာဏာသိမ်းမှုနှင့် Covid -19 ရောဂါကူးစက်ပြန့်ပွမှုတို့ကြောင့် ၀င်ငွေနှင့်အလုပ်အကိုင်များထိခိုက်ခဲ့သဖြင့် ပြည်တွင်းစားသုံးမှု ဆက်လက်လျော့ကျနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှုအစီရင်ခံစာတွင်ဖော်ပြထားသည် ။
မြန်မာနိုင်ငံတွင်ဆင်းရဲမွဲတေသည့်ပမာဏမှာ COVID -19 ရောဂါထိခိုက်မှု မခံစားရခင်အချိန်နှင့်နိူင်းယှဉ်ပါက နှစ်ဆအထိမြင့်တက်လာလိမ့်မည်ဟုလည်း ထုတ်ပြန်ထားသည် ။
စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရှိ လူဦးရေ ၂၅ သန်း (နိုင်ငံ့လူဦးရေ၏ ထက်၀က်နီးပါး)ကို ဆင်းရဲတွင်းထဲဆွဲချခဲ့ပြီး လူဉီးရေ ၁၄ .၄ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေကြောင်း ILO ၏ အစီရင်ခံစာတစ်ခုကဆိုသည် ။
အာဏာသိမ်းမှုနှင့် Covid -19 ကပ်ရောဂါသည် မြန်မာပြည်ရှိ သန်းပေါင်းများစွာသော အလုပ်သမားများကို စိတ်မကောင်းဖွယ်ရာ အခြေအနေသို့ရောက်ရှိစေခဲ့ပြီး လုပ်သားဈေးကွက်အတွင်း တိုးတက်မှုရှိခဲ့သည့်နှစ်များက နောက်ပြန်ဆွဲနေသည်ကိုတွေ့မြင်နေရေကြာင်း ၊ဆက်၍ ဖြစ်နေပါက နိုင်ငံတစ်ဝှမ်း ဆင်းရဲ နွမ်းပါးမှု၊ မရေရာမသေချာမှုများ တိုး၍ဖြစ်လာမည့်ဘက်သို့ ဦးတည်သွား နိုင်ကြောင်း ILO (မြန်မာ)၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ကိုယ်စားလှယ် Mr. Donglin Li ကသုံးသပ်သည် ။
အာဏာသိမ်းမှုကြောင့် ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့သော အမျိုးသမီးတို့ကမူ အာဏာသိမ်းစစ်တပ်ကိုအမြစ်ဖြတ်နိုင်မှသာ ၎င်းတို့၏ ဘ၀များပုံမှန်အတိုင်းပြန်ဖြစ်မည်ဟုပြောသည် ။
မိမိတို့မှာ အလုပ်အကိုင်ဆုံးရှုံးမှုသာဖြစ်သော်လည်း အခြားသူများမှာမူ နေအိမ်များ ၊မိသားစု၀င်များကိုဆုံးရှုံးခဲ့ကြရကြောင်း ၊ထို့ကြောင့် ဒီမိုကရေစီရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ပါ၀င်နေကြောင်း ၎င်းတို့ကဆိုသည် ။
” ကိုယ်ကဒီတော်လှန်ရေးအပေါ်မှာ အများကြီးလုပ်နိုင်ရင် မြန်မြန်ပြီးမယ် ” ဟု မမာလာကပြောသည်။