စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS/SSA၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ (၂၂)ကြိမ်မြောက်၊ တတိယအကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးတရပ်ကို ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဇန်နဝါရီ ၁၆ မှ ၁၇ နှစ်ရက်သာ ကျင်းပပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။
“ တွေ့ဆုံဆွေးနွေးရေးမယ်ဆိုတာ တစ်ဖွဲ့ပါမယ် တစ်ဖွဲ့မပါဘူးကိုဆိုလိုတာမဟုတ်ဘူး အားလုံးတွေ့ဆုံဆွေးနွေးရေးကိုဆိုလိုတာပါ။ နောက်တစ်ခုက စစ်တပ်က အမှန်တကယ်ဆွေးနွေးမယ်ဆိုရင်ကြိုဆိုတာပါ။ ကြိုဆိုတယ်ဆိုတာကို ဆွေးနွေးမယ်လိုမသက်ရောက်စေချင်ဘူး။ ရပ်တည်ချက်ကြောင့် ဆွေးနွေးမယ်လိုရင်ကြိုဆိုရတာမှာပေ့ါ ဒါပေမယ့်အားလုံးပါရမယ် ပွင့်ပွင့်လင်းလင်းဆွေးနွေးရမယ်။ “ RCSS/SSAမှဗိုလ်မှူးခမ်းစံက MPA ကိုပြောသည်။
အဆိုပါထုတ်ပြန်ချက်တွင် ရှမ်းပြည်ညီညွတ်ရေးမှ တဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်ပြီး အားလုံး လက်ခံသော ရှမ်းပြည်ဖက်ဒရယ်မူနှင့်အညီ ရှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအားတဆင့်ပြီး တဆင့် ရေးဆွဲ နိုင်ရေးအတွက် သျှမ်းပြည်အမျိုးသားညီလာခံပြင်ဆင်ခြင်း အစည်းအဝေးကို မကြာမီကျင်းပသွားမည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“တိုက်ပွဲဆိုရင် ဘာမှမပြီးမြောက်ခဲ့ဘူး တိုက်လိုက်ရပ်လိုက်နဲ့ ဘာမှမဖြေရှင်းနိုင်ဘူးလေ။ နောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲလဲမရှိခဲ့ဘူးလေ။ NCA ခေတ်မှ လွှတ်တော်လဲရှိလာတယ်။ နိုင်ငံရေးလဲဆွေးနွေးလာနိုင်တယ်။အနှစ်ချုပ်ရမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးတာ တစ်စိုက်မတ်မတ်တောက်လျှောက်မရှိလာခဲ့ဘူးပေါ့။ “ ဟု RCSS/SSAမှဗိုလ်မှူးခမ်းစံက ဆိုသည်။
တတိယအကြိမ်မြောက် ကောင်စီ ကွန်ဂရက်ကို ကြိုဆိုသောအားဖြင့် RCSS အုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့်သူ စုစုပေါင်း (၁၆၇)ဦးကို ယနေ့ (ဇန်နဝါရီ ၁၈)ရက်မှစတင်ပြီး လွှတ်ပေးသွားမည် ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရှမ်းပြည်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့ နှင့် တိုက်ပွဲဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန် ကြေညာထားသည်။