ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အလဟဿ ဖြစ်သွားခဲ့ရကြောင်း KNU ဗဟို၏ဉက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမူတူးစေးဖိုးက ဆိုသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအနေဖြင့် ဇန်နဝါရီလ (၂) ရက်နေ့တွင် ကျရောက်မည့် (၂၇၆၁) နှစ်မြောက် နှစ်သစ်ကူနေ့သို့ ပေးပို့သော သ၀ဏ်လွှာတွင် လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ နှင့်ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာရှင်များအနေဖြင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် မှန်ကန်စွာ ဖြေရှင်းလိုစိတ် မရှိပဲ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေး ငြိမ်ချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း နှင့် ထိုခြေအနေများကို နားလည်သော လူငယ် မျိူးဆက်သစ်များအနေဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်ကို မျက်ဝါး ထင်ထင် တွေ့ရကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နောက်ဖြစ်ပေါ်လာသည့် လူထု အုံကြွမှုများကို စစ်တပ် အနေဖြင့် ရက်ရက်စက်စက် နှိမ်နင်းမှုများ ပြုလုပ်လာသဖြင့် ပြည်သူထုအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ခဲ့ကြသည်။
ထိုသို့ ရွေးချယ်ပြီးနောက် တိုင်းရင်သား လက်နက်ကိုင်များ ထံတွင် စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်ပြီး လက်ရှိအချိန်တွင် စစ်တပ်ကို တွန်းလှန် တိုက်ခိုက် ကြလျက်ရှိသည်။
တော်လှန် တိုက်ခိုက်မှုများရှိလာသည်နှင့်အတူ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာနယ်မြေများတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် စစ်ရေး အခြေအနေများ တင်းမာလျက်ရှိနေသည်။
အနီးစပ်ဆုံးအနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီခရိုင် လေးကေ့ကော် ငြိမ်းချမ်းရေး မြို့သစ်ကို ဝင်ရောက်မှုများ ပြုလုပ်ပြီးနောက် တစ်ဖက် နှင့် တစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် စစ်ရေး အခြေအနေတင်းမာ လာခဲ့သည်။
ထို့နောက်တွင် အကြမ်းဖက်စစ်တပ်သည် လေးကေ့ကော် မြို့သစ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ၊ ဒေသခံ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်သည့်အတွက် မြို့နေ ဒေသခံ ပြည်သူ သောင်းနှင့်ချီ နေရပ် စွန်ခွာ ထွက်ပြေးခဲ့ကြရသည်။
ဥက္ကဌကြီး စောမူတူးဆေးဖိုး၏ ကရင် နှစ်သစ်ကူးနေ့ ပေးပို့သော သ၀ဏ်လွှာတွင် ကရင် အမျိုးသားများ၏ အခွင့်အရေးများ နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အတားအဆီး ဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန် တိုက်ဖျက်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
#အကြမ်းဖက်စစ်တပ် #KNU #စောမူတူးစေးဖိုး #ကရင်ပြည်နယ် #MPA