ကယားပြည်နယ်(ကရင်နီ)အတွင်း စစ်ဘေးရှောင်လျက်ရှိသော ဒေသခံများတွင် စစ်ရှောင်ချိန်ကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေးအခြေအနေများနှင့် ဆေးဝါးအခက်အခဲများကြောင့် သေဆုံးရသူများရှိလာသည်။
ကရင်နီပြည်နယ်တွင် မေလမှစတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ကရင်နီဒေသခံ တစ်သိန်းကျော်သည် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရလျက်ရှိနေပြီး ၅လအတွင်း ဆေးဝါးဆိုင်ရာ အခက်အခဲများကြောင့် သေဆုံးသူ ၂၀ထက်မနည်းရှိလာကြောင်း စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသူများထံမှ သိရှိရသည်။
“ ရောဂါတွေဖြစ်ကြတယ်။ ဖြစ်တဲ့ရောဂါနဲ့ကိုက်တဲ့ဆေးမရှိကြဘူးလေ။ တုပ်ကွေးလည်းတော်တော်ဖြစ်ကြတယ်။ အခုဆိုသေဆုံးတဲ့သူကို ၂၀နဲ့၃၀နဲ့ကြားမှာ ရှိလာပါပြီ” ဟု စစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦး က MPAသို့ ပြောသည်။
စစ်ဘေးရှောင်စခန်းများတွင် ယာယီတဲများဆောက်လုပ်ပြီး ဆေးခန်းများပြုလုပ်ခြင်း၊နီးစပ်ရာရွာများတွင် ဆေးပေးခန်းများထားရှိခြင်းဖြင့် ယခင်က ကျန်းမာရေးပြဿနာများကိုဖြေရှင်းခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ဆေးပေးခန်းများ ဆက်လက်ဖွင့်လှစ်ရန်အတွက် အခက်အခဲများရှိနေသည်။
“အဓိကက ဒီမှာဆေးခန်း ပုံသေကြီးသွားဖွင့်လို့မရဘူး။ ရွာနားတွေမှာ ခိုးဖွင့်ရတာမျိုးတွေ၊ CDMဆရာဝန််တွေခေါ်ပြီးမှ ဖွင့်ရတယ်။ အရင်က ဆေးဝါးဝယ်နေကြ လွိုင်ကော်က ဆိုင်ကလည်း အဖမ်းခံလိုက်ရတော့ဆေးဝါးတွေ ပြတ်တောက်နေတဲ့ အခြေအနေရှိလာတာပေါ့။ ရေရှည်မှာပိုခက်လာနိုင်ပါတယ်” ဟု စစ်ရှောင်စခန်းမှ CDMဆရာမတစ်ဦးကပြောသည်။
စစ်ဘေးရှောင်စခန်းများတွင် လက်ရှိအချိန်၌ စစ်ရှောင်အများ အဆက်မပြတ်တိုးလာလျက်ရှိနေသည့်အပြင် စားဝတ်နေရေးအခက်အခဲများ၊ ဆေးဝါးအခက်အခဲများ လည်းကြုံတွေ့နေရသည်။
“ အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ဆား အဲ့ဒီကနေစပြီး အကြီးစားတွေအထိ လိုအပ်တယ်။ ကျနော်တို့ မနေ့ကသွားလှူတဲ့ စခန်းတစ်ခုမှာဆိုရင် ပြေးလာတာလေးလ လောက်ကြာလာပြီ။ ကြားထဲမှာလည်းမလုံခြုံတော့ မပြန်ရဲကြဘူး။ သူတို့မှာ အိုးခွက်ပန်းကန်တွေမရှိဘူး။ စောင်တောင်မပါလာလို့စောင်ပါးလေးနဲ့ပဲ နေရတယ်။ အဲ့အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ ၁၅နှစ်အရွယ်ကလေးတစ်ဦး တုပ်ကွေးမိပြီးသေဆုံးခဲ့ရတယ်” ဟု ကရင်နီစစ်ရှောင်စခန်းများကိုအကူအညီများပေးအပ်လျက်ရှိနေသည့် Free Volunteer Myanmarအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ်နေရာအချို့၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး နေရာအနှံ့အပြားတွင်လည်း တိုက်ပွဲများဖြစ်ပွားလာနိုင်သည့် အလားအလာများရှိနေသည်။
Photo_Free Volunteer Myanmar
#ကရင်နီ #စစ်ရှောင်#ဆေးဝါးလိုအပ် #MPA