စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဖန်ခါးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ဧပြီ ၁၉ ရက်၊ နံနက်ပိုင်း အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“သူတို့(စကစ)တွေက သူတို့အထိုင်ချတာကြာပြီဖြစ်တဲ့ရွာကို မီးရှို့တာတော့ စဉ်းစားစရာပဲ၊ ကျောက္ကာရွာလည်း ရှို့ထားတာ မြင်မကောင်းဘူး။ သူတို့အထိုင်ချတဲ့နေရာကနေ ကျည်ကွယ်မျက်ကွယ်ပဲချန်ပြီးရှို့နေတာ၊ အခု ဖန်းခါးကုန်းကတပ်က အောက်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ အကူသွားရမယ်လို့ သတင်းကြားတယ်၊ အဲ့ဒါကြောင့် ရှို့တာလားတော့ မသိဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းယူထားသည့် ကောလင်းမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စစ်ကောင်စီကပြန်လည်ရယူပြီးနောက် မြို့ပေါ်တွင်တပ်စွဲကာ မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို နေ့စဉ်မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကောလင်းမြို့အနောက်ဘက်ရှိ ဖန်ခါးကုန်း၊ ရွာမ၊ ကျောက္ကာ၊ မင်းကုန်း၊ စန္ဒရာကုန်းစသည့် ကျေးရွာများတွင် အသီးသီးအထိုင်ချတပ်စွဲထားပြီး ယနေ့နံနက်ပိုင်းတွင် ဖန်ခါးကုန်းကျေးရွာမီးလောင်နေသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“အထိုင်ချထားတဲ့ရွာဆိုတော့ သွားကြည့်လို့တော့မရဘူး။ နေအိမ် ၂ လုံး၊ ၃ လုံးလောက်တော့ ပျက်စီးလောက်တယ်” ဟု ၎င်းကဆိုသည်။
ကောလင်းမြို့နှင့် မြို့အနီးရှိကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။