ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်၊ စစ်တောင်မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ ဧပြီ ၁၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ဒရုန်းများပစ်ခတ်ပြီး ဝင်ရောက်လာခြင်းကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကဆိုသည်။
ဆာရွာမကြီး၊ ခင်တန်း၊ ကိုးတန်း၊ တဲစု၊ ထန်းပင်ကုန်းစသည့် ကျေးရွာများမှ ပြည်သူများထွက်ပြေး တိမ်းရှောင်လာရခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း တဲစုကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်တွေလည်း လက်နက်ကြီးထိလို့ ပျက်စီးသွားတာမနည်းများတယ်၊ ကျွန်တော်တို့လည်း ထွက်ပြေးလာရတယ်၊ PDF တွေနဲ့တော့ တိုက်ပွဲဖြစ်တယ်၊ တောထဲရှောင်တဲ့သူကရှောင်၊ မြို့ပေါ်ပြေးတဲ့သူကပြေးတယ်” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရွာသားများလည်းရှိကြောင်း ဘေးလွတ်ရာသို့တိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“ခင်တန်းကြီးရွာလည်းမနေ့က မီးရှို့တယ်၊ အိမ်ခြေဘယ်လောက်ပါသွားလည်း မသိရဘူး။ သူတို့(စစ်တပ်)က ရွာထဲရှိနေတော့ ပြန်မကြည့်ရဲဘူး၊ နောက်ဆွာရွာမက ကိုသိန်းတန်ဆိုတဲ့ တစ်ယောက်ကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ပစ်သတ်လိုက်တယ်လို့ကြားတယ်၊ ထိခိုက်မိတဲ့သူတွေလည်းရှိတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ဒရုန်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါပြုလုပ်လာခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ခုခံပစ်ခတ်သော်လည်း အင်အားမမျှတခြင်းကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် ရဲဘော်တစ်ဦးကပြောသည်။
“အင်အားက ၂၀၀ နီးပါးလောက်ရှိမယ်၊ အဲဒီနေ့(ဧပြီ၁၇)၊ မနက် ၅ နာရီကျော် လောက်တည်းက စစ်ကြောင်းထိုးလာတာ၊ ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်တယ်၊ နေ့လယ် ၁ နာရီလောက်မှ ကျွန်တော်တို့ နောက်ဆုတ်ပေးလိုက်တာ၊ အဲဒီမှာသူတို့က ရွာထဲဝင်နေရာယူသွားတာ” ဟု ၎င်းကရှင်းပြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့် ထိခိုက်သေဆုံးမှုရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များကဆိုထားပြီး လေယာဉ်ဗုံး၊ လက်နက်ကြီးထိမှန်မှုကြောင့် တော်လှန်ရေးရဲဘော် ၄ ဦးလည်း ကျဆုံးကာ ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်ကလည်း ရေတာရှည်မြို့နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အင်ကြီးပေါက်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့သေးသည်။