မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူ အများစုမှာ ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့ပေါ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်သားများက သင်္ကြန်မတိုင်မီကတည်းက စစ်မှုထမ်းရန် လူရွေးချယ်ထားခဲ့ပြီး ပထမအသုတ်အဖြစ် သင်္ကြန်ပြီးလျှင် စစ်သင်တန်းတက်ရမည်ဟု ပြောကြားထားကြောင်း မိုးကုတ်မြို့၊ မြို့မရပ်ကွက်သားတစ်ဦးကပြော သည်။
“ သင်္ကြန်ပြီးရင်လာခေါ်မယ် ပြောထားပေမယ့် လာခေါ်တာမကြားသေးဘူး။ စစ်မှုထမ်းပါသူတွေက ငြိမ်ဆို ပြေးကုန်ကြပြီ။ ရပ်ကွက်တွေထဲ ကလေးတွေနဲ့ အဖိုးကြီးပဲကျန်မယ်။ အရက်သမားတို့ ဆေးသမားတို့ပဲ ကျန်တယ်၊ သူတို့က လာအခေါ်စောင့်နေကြတာ” ဟု၎င်းကပြောသည်။
မိုးကုတ်မြို့၊ မြို့မရပ်ကွက်က စာရင်းပါသူ လူငယ်အချို့ရော မိသားစုဝင်များပါ တိမ်းရှောင်နေကြပြီဖြစ်ကြောင်းသိရသည်။
“ သင်္ကြန်မတိုင်ခင်ကတော့ ရပ်ကွက်ထဲ ဆင့်ခေါ်စာတွေလာပေးတယ်။ ခုထိတော့မခေါ်သေးဘူး။ ဘယ်လိုလုပ်ကြမလဲတော့ မသိသေးဘူး” ဟု မိုးကုတ်မြို့၊ ညောင်သုံးပင်နေ ပြည်သူ တစ်ဦးကပြောသည်။
မိုးကုတ်မြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးရှိသည့်ရပ်ကွက်များတွင်သာ စစ်မှုထမ်းစာရင်း ကောက်ခံခဲ့ပြီး မြို့ပြင်ကျေးရွာနှင့် အုပ်ချုပ်ရေးမှူးမရှိသည့် ရပ်ကွက်များ၌ ယနေ့အထိ စစ်မှုထမ်းစာရင်းကောက်ခံခြင်းမရှိသေးကြောင်းသိရသည်။
“ မြို့ထဲမှာတော့ စာရင်းကောက်တာ ဘာညာကြားတယ်။ ခေါ်တာမကြားသေးဘူး။ ဒီဘက်ရွာဘက် တွေတော့ ဘာအသံမှကို မကြားတာ။ စာရင်းလည်းမကောက်ဘူး။ ကောက်မယ့် အုပ်ချုပ်ရေးမှူး လည်း မရှိဘူး” ဟု မိုးကုတ်မြို့ပြင်နေ ပြည်သူတစ်ဦးကပြောသည်။
မိုးကုတ်မြို့ပေါ်တွင် ရပ်ကွက်၅ခု ရှိသည့်အနက် မြို့မရပ်ကွက်၊မင်းတံတားရပ်ကွက်နှင့် လယ်ဦးရပ်ကွက်တို့တွင်သာ စစ်မှုထမ်းစာရင်းကောက်ခံထားကြောင်းသိရသည်။