ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စစ်မှုထမ်း အပတ်စဥ် (၂)အတွက် ရပ်ကွက်လူကြီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာရင်းများ လိုက်လံကောက်ခံနေပြီး လက်ရှိတွင် စစ်မှုမထမ်းလိုသူများအား ငွေကြေးများတောင်းရမ်းနေသည်ဟု ရွှေပြည်သာမြို့နယ်ရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“သင်္ကြန်အပြီးမှာ အမှတ်စဉ် (၂)အတွက် စစ်မှုထမ်းဖို့ စာရင်းကောက်မယ်ဆိုတာ ပထမအကြိမ် စာရင်းကောက်ပြီးတည်းက အသံတွေကြားထားပြီးသား၊ အခုလည်း သင်္ကြန်ပြီးတာမှ ၃ ရက်ပဲရှိသေးတာ စစ်မှုထမ်းဖို့ စာရင်းတွေကောက်ဖို့ စလုပ်နေကြပြီ” ဟု ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၁ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ရွှေပြည်သာမြို့နယ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် စာရင်းများကောက်ခံပြီးကတည်းကပင် ခေါ်ဆောင်သွားသူများအား စစ်ကောင်စီက မည်သည့်နေရာတွင် ထားရှိသည်ကို သက်ဆိုင်ရာမိသားစုဝင်များအနေဖြင့် မသိရကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
“အခုဆို စာရင်းလာကောက်သွားတဲ့သူတွေကို စာရင်းတင်ကောက်တာ မဟုတ်ဘဲနဲ့ ပိုက်ဆံပါတောင်းသွားတာ၊ စစ်မှုထမ်းဖို့ လာမှ ဒီပိုက်ဆံတွေကို ပြန်ပေးမယ့်သဘောထင်တယ်။ ရပ်ကွက်က တာဝန်ရှိသူတစ်ယောက်ကတော့ ပြောထား တာရှိတယ်။ ဒီတစ်ကြိမ်မှာ ပိုက်ဆံပေးထားတဲ့သူတွေက ချက်ချင်းဆိုသလို စစ်မှုထမ်းဖို့အတွက် မသွားရဘူးဆိုပြီး ပြောတယ်”ဟု ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၀ရပ်ကွက်နေ ကိုဘာမီတွန်က MPAကို ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် စစ်မှုထမ်းရန် ခေါ်ဆောင်သွားသူများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ ရွှေပြည်သာမြို့နယ်၊ နဝရတ်ဈေးအနီး၊ ရပ်ကွက်များရှိ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀၀,၀၀ အထိကောက်ခံမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ ရပ်ကွက်အတွင်း သွားလာနေသော လူငယ်များကိုလည်၊ စစ်မှုထမ်း အမှတ်စဉ်(၂)အတွက် လူသစ်စုဆောင်းသည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီ ၁၈ရက်နေ့ကလည်း လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်များအတွင်းသို့ ဝင်ရောက်ခေါ်ဆောင်ခြင်းများရှိခဲ့သည်။
“တစ်ရပ်ကွက်ကို ၄ယောက်နှုန်းနဲ့ စာရင်းကောက်မယ်ဆိုပြီး သိရတယ်။ ယောက်ျားလေးတွေပဲ ပါသေးတယ်။ အခုတစ်ခေါက်လည်း အမျိုးသမီးတွေ မပါသေးဘူး။ အသက်ကတော့ ၁၈နှစ်ကနေ ၃၅နှစ်အတွင်းကသူတွေ အကြုံးဝင်တယ်ဆိုပြီး ရပ်ကွက်လူကြီးက ပြောတယ်” ဟု ရွှေပြည်သာမြို့နယ်၊ ၅/၁ရပ်ကွက်နေ အသက် ၄၀အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ပထမအကြိမ်ကောက်ယူသော စာရင်းတွင် ပါဝင်သူများသည် စစ်မှုမထမ်းလိုသဖြင့် နိုင်ငံခြားအပါအဝင် ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများ ရှိခဲ့သောကြောင့် ယခုတစ်ခေါက် အမှတ် (၂)အတွက် စာရင်းပါသူများသည် တိမ်းရှောင်မှုများ မလုပ်ရန်အတွက်လည်း သတိပေးမှုများ ရှိကြောင်း ည-၁၁ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
“သတိပေးတာကတော့ မတိမ်းရှောင်ဖို့ပေါ့၊ အဲ့ဒီထက်ဆိုးတာက ခြိမ်းခြောက်တဲ့ သဘောထိရှိတယ်။ သေနတ်နဲ့ ပစ်သတ်ခွင့်ရှိတယ်ဆိုပြီးကို ရပ်ကွက်လူကြီးက ပြောသွားတာ၊ သူတို့ သတ်မှတ်ထားတဲ့ အသက်ထက်ကျော်နေတဲ့ ကလေးအဖေတွေကိုလည်း စစ်မှုထမ်းဖို့ စာရင်းကောက်သွားတယ်။ အမှတ်စဉ်(၁)တည်းက စာရင်းပါတဲ့သူတွေက သူတို့ဆီမှာ နာမည်အပြည့်အစုံနဲ့ကို ရှိပြီးသား၊ မထမ်းချင်ရင် လက်ရှိပေါက်ဈေးဖြစ်တဲ့ ၂၅သိန်းကနေ သိန်း၈၀ထိကို ပေးဆိုပြီးလည်း ဖိအားတွေ ပေးသွားတယ်” ဟု ၎င်းက ရှင်းပြသည်။
စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် အပတ်စဉ်(၁)အတွက် စစ်မှုထမ်းရန်ခေါ်ဆောင်သူများကို ယခုလအတွင်း( ဧပြီလ)မှ စတင်ကာ စစ်သင်တန်းများပေးနေဆဲဖြစ်သော်လည်း စုဆောင်းခံရသူများအနေဖြင့် မိသားစုများနှင့်လည်း အဆက်အသွယ်မရကြောင်း သိရသည်။