မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာရှိ စစ်ကောင်စီတပ်ကို ဗုံးသီး ချတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်း (NPDF) ကသတင်းထုတ်ပြန်သည်။
ဧပြီ ၁၈ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ရွာကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည် စစ်သား ၃၀ ခန့် ကို Fixed Wings Drone ဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ ဗုံးသီးချတဲ့အချိန် ဟိုပစ် ဒီပစ်တော့ ရှိတယ်။ဒီနေ့(ဧပြီ၁၉ရက်) မှာ တောင်သာဘက်က သီးကုန်းရွာဘက်ကို ပြည်သူပိုင် ကားတွေ ချောဆွဲပြီး ထွက်သွားတယ်။အဲ့ရွာထဲက နေအိမ်တွေမှာပဲ နေနေတာလို့သိရတယ်။ဒဏ်ရာရတွေကိုတော့ မနေ့ည(ဧပြီ၁၈ရက်နေ့) ၇ နာရီလောက်က မြင်းခြံကို ပို့လိုက်တယ်” ဟု မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း တာဝန်ခံ ကပြောသည်။
ဒဏ်ရာရစစ်သားများ သေဆုံးခြင်းရှိ၊မရှိ အခြေအနေကိုမူ မသိရသေးပေ။
“ဘုန်းကြီးကျောင်းမှာ မနက်ပိုင်းထိ ဒီကောင်တွေ နေသေးတယ်။နေ့လယ်လောက်မှ ထွက်သွားတာ” ဟု Myingyan District Drone Strike (MDDS) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအေတီ ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း (NPDF) ၊Myingyan District Drone Strike (MDDS)၊ မလှိုင်မြို့နယ်(ပကဖ)နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။