ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်သူများအနေဖြင့် ယနေ့အပြီးထွက်ခွာပေးရမည်ဆိုသည့် ကောလာဟလ သတင်းများထွက်ပေါ်နေသော်လည်း မြို့ပေါ်နေပြည်သူများမှာ ပုံမှန်အတိုင်းလည်ပတ်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံများထံကမှ သိရသည်။
ယမန်နေ့ (ဧပြီလ ၁၇ ရက်)မှစတင်ကာ အဆိုပါသတင်းကို စစ်ကောင်စီက ညွှန်ကြားထားသည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများပြန့်နှံ့နေပြီး ဒေသခံပြည်သူအချို့မှာ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။
“စိုးရိမ်တဲ့သူကတော့ အဲ့ဒီသတင်းတွေတက်လာကတည်းက စိုးရိမ်နေကြတာ၊ လက်ရှိ ဒီနေ့မြို့တွင်းအခြေအနေကိုပြောပါဆိုရင် ကျွန်မမြင်တာတော့ အားလုံးအေးဆေးနေတုန်းပဲ၊ သင်္ကြန်လည်း အေးဆေးပြီးသွားတာပဲ၊ စစ်တပ်ဘက်ကလော်ဘီတွေ ခြောက်လှန့်နေတာလို့ ထင်တာပဲ” ဟု ၎င်းကဆိုသည်။
ယင်းသတင်းကို မြဝတီမြို့နေပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကပါ အတည်မပြုပေးနိုင်သေးပါ။
မြဝတီမြို့ပေါ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကလည်း “ သတင်းကမှန်၊ မမှန်တော့ မသိဘူး။ နေရထိုင်ရတာ ရင်တွေလည်းတုန်နေပြီ စစ်ဘေးရှောင်ဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ အခုမနက်ထိတော့ သင်္ကြန်မတိုင်ခင်က နိုင်ငံရေးကြောင့် ပိတ်ထားတဲ့ဆိုင်တချို့တောင် ပြန်ဖွင့်နေပြီ၊ စည်စည်ကားကားပဲ ပြောလို့ရတယ်”ဟု ဆိုသည်။
အဆိုပါ ကောလာဟလသတင်းနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးကလည်း “ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အားလုံးသတိထားကြဖို့၊ ကောလာဟလ သတင်းတွေလည်းရှိတော့ ထူးခြားရင် ချက်ချင်းတင်ပေးမယ်၊ ဒီသတင်းတိကျတယ်ဆိုရင်လည်း ချက်ချင်းတင်ပေးမှာပါ”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
ထို့ပြင် သင်္ကြန်အလွန်ကာလတွင် အခြေအနေများ ပြောင်းလဲနိုင်သည့်အတွက် မြို့နေပြည်သူများအနေဖြင့် ပိုမိုသတိထားနေထိုင်ကြရန်လည်း အသိပေးတိုက်တွန်းထားသည်။
“ စစ်ကောင်စီတပ်တွေ သင်္ဃန်းညီနောင်အထိ မရောက်မချင်း ဘာမှလုပ်စရာမလိုပါဘူး။ ဗုံးကြဲတိုက်ခိုက်နိုင်ခြေက မြို့ပြင် KNLA တပ်စခန်းတွေကို ဖြစ်နိုင်ပါတယ်။ မြို့တွင်းပိုင်းနဲ့ နယ်စပ်စည်းရိုးကို ရှောင်မှာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက တာဝန်ရှိသူတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်လွှတ်ခဲ့ရသည့် မြဝတီမြို့အနီးရှိ တပ်စခန်းအချို့ကို ပြန်လည်ရရှိနိုင်ရေးအတွက်ပြန်ကလည်ကြိုးပမ်းနေပြီး မြို့ပြင်နေရာအချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။