စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီးနောက် လမ်းဘေးနေအိမ်အချို့ကို စစ်သားများက မီးရှို့သွားကြောင်း သိရသည်။
ဧပြီ ၁၁ရက်၊ ညနေ ၅နာရီခွဲ ဝန်းကျင်က စစ်ကိုင်းမြို့၊တပ်မ- ၃၃မှ ထွက်လာသော ရိက္ခာတင် ၆ဘီးကား ၁စီးနှင့် ၁၂ဘီးကား ၁စီးတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ စစ်သားများ အိမ်စီကားဖြင့် ရောက်လာကာ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေးရှိ နေအိမ်တချို့အား မီးရှို့ဖျက်ဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။
“ ၆ဘီးကား မိုင်းဆွဲခံရပြီးတော့ မြပုလဲဂိတ်ကနေ အိမ်စီးကားနဲ့ ထွက်လာပြီး ကင်းလာချသွားတယ်။ နောက်ကထပ်ထွက်လာတဲ့ ၁၀ဘီးကားကို ထပ်ဆွဲခံလိုက်ရတော့ မီးရှို့တာပဲ။ ကြေးမုံက ၇လုံး၊ ပုရစ်ကုန်းတောင်ရွာက ၁လုံးပါသွားတယ်လို့တော့ သိရတယ်။ စာရင်းတော့ သေချာမသိရသေးဘူး။ ကြက်ခြံတွေလည်းပါတယ်ပြောတယ်” ဟု ၎င်းကပြောသည်။
ယင်းကား ၂စီးကို မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Anyar Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။
“ ကားပေါ်မှာ ရိက္ခာနဲ့ အင်အားအနည်းငယ်ပါတယ်။ ၆ဘီးကားကတော့ မိုင်းဆွဲခံရပြီး ထိုးရပ်သွားတယ်။ ဘာတွေပျက်စီးလဲတော့သေချာမသိရဘူး” ဟု Anyar Defence Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို Anyar Defence Force နှင့် Area 71 PDF Monywaအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။