စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ပွင့်ဗိုလ်ကြီးတစ်ဦးကို ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉ (Pale Jokers PDF)က မတ်လ၂၇ ရက်၊ နေ့လယ် ၁၁ နာရီအချိန်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိသူမှာ ကန့်ဒေါင့်နယ်မြေရဲစခန်းက စစ်ကြောင်းမှူးဗိုလ်ကြီး ဟိန်းရဲထက် (ကြည်း၆၈၃၈၁)ဖြစ်ပြီး ကန့်ဒေါင့်ရွာရဲစခန်း၏အရှေ့ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဥ် ကာကွယ်ရေးရဲဘော်များက အသင့်စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ သူ(စကစဗိုလ်ကြီး)က အရင်နေ့တွေကတည်းက အရှေ့ဘက်ကိုထွက်ထွက်နေတာ ကျွန်တော်တို့သိတယ်ပေါ့နော်။ အဲ့ဒါကို သူထွက်လာတဲ့အချိန် ကင်းပုန်းဝပ်ပြီး စောင့်ဖမ်းခဲ့တာပါ” ဟု ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉ ၏ တပ်ရင်းမှူးဗိုလ်ပုလဲက MPA ကိုပြောသည်။
ဗိုလ်ကြီးဟိန်းရဲထက်သည် ကန့်ဒေါင့်ရဲစခန်းသို့ ရောက်ရှိလာသည်မှာ ၃ လခန့်သာရှိသေးပြီး ဖမ်းဆီးရမိချိန်တွင် ၎င်းနှင့်အတူ စူပါကပ်ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် စကားပြောစက်တစ်လုံးကို သိမ်းဆည်းရမိကာ ၎င်းကို NUG အစိုးရ၏ စစ်သုံ့ပန်းဥပဒေများအတိုင်း အရေးယူထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဖမ်းမိတာက ကန့်ဒေါင့်ရဲစခန်းမှာ အကြီးဆုံးကိုး။ မနေ့ကတော့ ကန့်ဒေါင့်တောင်ဘက်ကို လက်နက်ကြီးတစ်လုံးထုသေးတယ်။ စခန်းကနေလည်း စစ်သားတွေလိုက်ရှာသေးတယ်လို့ သိရတယ်။ ရွာအပြင်ကိုတော့ ထွက်မလာဘူး” ဟု ကန့်ဒေါင့်ရွာအနီးရှိ ဒေသခံပြည်သူတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦးဖမ်းဆီးခံရခြင်းကြောင့် ကန့်ဒေါင့်ရွာအနီးပတ်ဝန်းကျင်သို့ ပြန်လည်စစ်ကြောင်းထိုးလာမည်ကို အနီးဝန်းကျင်ရှိ ကျေးရွာများတွင်နေထိုင်သော ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်ကလည်း ကန့်ဒေါင့်ရွာအနောက်ပိုင်းသို့ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၉)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား(၁)ဦးသေဆုံး၍ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။