မီးလောင်ပြီး ပြာပုံဖြစ်သွားသည့် အိမ်များကို ကြည့်ရင်း သက္ကယ်ကျင်း ကျေးရွာမှ ပြည်သူများ၏ မျက်နှာပေါ်တွင် ပျော်ရွှင်စရာအတိ ကင်းမဲ့လျက်။
စစ်အာဏာသိမ်းပြီးကတည်းက ပျော်ရွှင်စရာ ကင်းမဲ့နေသည့် သူတို့အဖို့ နေထိုင်စရာပါ မရှိတော့သည့် အဖြစ်က ရင်ထဲတွင် အပူမီး မြှိုက်နေသလိုပင်။ နေအပူနှင့် ရင်အပူ ဘယ်ဟာက ပိုပူနေသည်ကိုပင် သူတို့ မဝေခွဲနိုင်တော့။
“ စစ်သားတွေ ထွက်ပြီး ရွာသားတွေ ပြန်ဝင်ကြတော့ ကိုယ့် အိမ်နေရာက ပြာပုံတွေကြည့်ပြီး အကုန်လုံး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ငိုနေကြတာပါပဲ။ ဖိနပ်တောင် မပါကြသူတွေ၊ ဘာမှ သယ်ချိန် မရကြဘူး” ဟု ကျေးရွာတာဝန်ခံ *ဦးဝင်းက ပြောသည်။
သက္ကယ်ကျင်း ကျေးရွာသည် မုံရွာမြို့နယ် နမခတပ် (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) မှ စစ်ကောင်စီတပ် စစ်သားများနှင့် ၁ မိုင်ကျော်သာ ဝေးသည့် နေရာတွင်ရှိပြီး ကားဖြင့်လာလျှင် ၅ မိနစ်အတွင်း ကျေးရွာသို့ ရောက်သည်။
သက္ကယ်ကျင်း ကျေးရွာသို့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စစ်ကောင်စီတပ်စစ်သားများက ကားများဖြင့် ရုတ်တရက် ဝင်ရောက်လာခဲ့ပြီးနောက် သေနတ်များဖြင့် တရစပ် ပစ်ခတ်ကြသည်။
ကနဦးအစတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သက္ကယ်ကျင်းကျေးရွာ ရွာထိပ်ဘုန်းကြီးကျောင်းရှေ့တွင် ကားကို ရပ်လိုက်ပြီးနောက် ကားပေါ်မှ ဆင်းလာကာ စစ်သားများက ၎င်းတို့ ကိုင်ဆောင်သည့် ဖုန်းအတွင်းမှ အမျိုးသမီးဓာတ်ပုံတစ်ပုံ၊ အချက်လက်များကိုပြကာ လူရှာသည်။ ထို့နောက် အဆိုပါ အမျိုးသမီးအိမ်သို့ ထွက်သွားကြသည်။
၎င်းတို့ ရှာဖွေနေသည့်အမျိုးသမီးကို တွေ့ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုအမျိုးသမီးကို ရိုက်နှက်ပြီး စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ကြိုးတုပ်ကာ ရွာထိပ်ဘုန်းကြီးကျောင်းရှေ့တွင် ငုတ်တုတ်ထိုင်ခိုင်းထားခဲ့သည်။
“ သူတို့လာရှာတဲ့ အမျိုးသမီးကတော့ လူငယ်သဘာဝ PDF နဲ့ ချစ်ကြိုက်ကြလို့ ပတ်သက်မှုရှိတဲ့ သဘောပေါ့၊ အဲ့ဒါနဲ့ ရည်းစား ဖြစ်ရမလားဆိုပြီး ရိုက်နှက်ဖမ်းဆီးသွားတာ။ မျက်မြင်တွေ့သူတွေ ပြောပုံအရဆိုရင် တော်တော်လေးကို ရိုက်နှက်နှိပ်စက်ခံထားရတာ” ဟု *ဦးဝင်းက ဆက်ပြောသည်။
သက္ကယ်ကျင်းကျေးရွာသို့ ဝင်ရောက်လာသည့် အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့သည် သေနတ်များကို အချက်ရေ ဆက်တိုက် လူနေအိမ်ရှိရာများဘက်သို့ ပစ်ခတ်ပြီး အခြားစစ်သားများက လူနေအိမ်အတွင်းရှိ အမျိုးသမီးများ၊ အမျိုးသားများကို ဆွဲခေါ်ထုတ်ကာ ကြိုးနှင့်တုပ် ဘုန်းကြီးကျောင်းရှေ့တွင် ထိုင်ခိုင်းထားသည်။
စစ်သားများက သေနတ်ကို တရစပ်ပစ်ခတ်ဖောက်ပြီး ဝင်ရောက်လာသည့် အခြေအနေကြောင့် ကြောက်ရွံ့စိုးရိမ်နေကြသည့် ပြည်သူများက နေအိမ်တံခါးများကို ပိတ်ကာ ပုန်းနေရသည်ဟု ဆိုသည်။
သို့သော် စစ်ကောင်စီတပ်စစ်သားများက နေအိမ်တံခါးများကို အတင်းဖွင့်ကာ နေအိမ်အတွင်းရှိ ပြည်သူများကို ဆွဲခေါ်ပြီး လူစုသည့် နေရာတွင် ထားသည်။
နေအိမ်အတွင်း ပုန်းနေသည့် ရွာသူရွာသားများထဲမှ သက်ကြီးရွယ်အို၊ မကျန်းမာသူတို့ကိုသာ လွှတ်ပေးပြီး လသားကလေးငယ်များ ပွေ့ထားသည့် ကလေးမိခင်များကိုလည်း ကလေးကို ဘေးချထားခဲ့ကာ ဆွဲခေါ်သည်။
“ ကျမတို့ကတော့ တောထဲသွားနေတာပေါ့၊ ကျမတို့ ပြန်လာတော့ ကလေးအမေက မရှိတော့ဘူး၊ စစ်သားတွေဖမ်းသွားပြီတဲ့ ကလေးကတော့ ဘေးကလူတွေ ခေါ်ထားပေးတယ်။ ကလေးက မိခင်နို့စို့တုန်းပဲ။ အခု အမေ မရှိတော့ သူများမိခင်တွေဆီကနေ နို့ကို အလှည့်ကျ တိုက်နေရတယ်” ဟု ဖမ်းဆီးခံလိုက်ရသူ၏ မိခင်က ပြောသည်။
အခြားအိမ်မှ အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးကိုလည်း သူ့လက်ထဲမှ ၅ လ ကလေးငယ်ကို လမ်းဘေးမှာ ချထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မိခင်ကို ဆွဲခေါ်ကာ ၎င်းတို့ စီးလာသည့် ကားရှေ့တွင် ထားသည်။
အခြေအနေများ ရှုပ်ထွေးနေစဉ်အတွင်း စစ်ကောင်စီ စစ်သားများ သေနတ်ဖြင့် တရစပ်ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သည့် လူ ၆ ဦးထိရှိခဲ့ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦး ခြေထောက်အရိုး ကျည်ထိမှန်ကာ ခြေထောက်ဖြတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် သက္ကယ်ကျင်း ကျေးရွာအနီးရှိ PDF စခန်းနှစ်ခုကို သွားရောက် မီးရှို့လေသည်။ ထိုအခါ ရွာသူရွာသားများအနေဖြင့်လည်း ဖိနပ်မပါ ကိုယ်တစ်ခုနှင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
“ ကျတော်တို့မှာ ဖိနပ်တောင် မပါဘူးဗျာ၊ ပြေးလာရတာ။ ဆိုင်ကယ်ပေါ် ခွဖို့ မပြောနဲ့ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရောရှိတော့ ကျတော်တို့ လူလွတ်အောင်တောင် မနည်းပြေးခဲ့ရတာ” ဟု နေအိမ်မီးရှို့ခံခဲ့ရသည့် သက္ကယ်ကျင်းရွာသား*ဦးစိုးက ပြောသည်။
သက္ကယ်ကျင်းကျေးရွာအနီးရှိ PDF စခန်းနှစ်ခုကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် သက္ကယ်ကျင်းရွာထဲသို့ ထပ်မံဝင်လာပြီး ကျေးရွာရှိ နေအိမ်များကို မီးရှို့လေတော့သည်။
“ သူတို့ကတော့ အိမ်တွေကို ဟိုနားတစ်အိမ် ဒီနားတစ်အိမ်ရှို့တာ၊ ရွာကအိမ်တွေက ဝိုင်းတွေ ကပ်ကြတယ်။ အိမ်ဝိုင်းတစ်ဝိုင်းထဲမှာ အိမ်တွေ ၃ လုံးလောက် ဆောက်ထားကြတာတွေလည်းရှိတော့ အိမ်တွေက အကုန်ကူးပြီး လောင်ကုန်တာ၊ အခုထိ စာရင်းအရဆို ၅၀၀ ဝန်းကျင်ရှိတယ်” ဟု *ဦးဝင်းက ပြောသည်။
စစ်ကောင်စီတပ်စစ်သားများက သက္ကယ်ကျင်းကျေးရွာရှိ နေအိမ်များကို ညနေ ၄ နာရီဝန်းကျင်မှ စတင်ကာ ည ၁၁ နာရီအထိ မီးရှို့ပြီးနောက် ကျေးရွာအတွင်းမှ ထွက်ခွာသွားကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းမှ ထွက်သွားပြီးနောက် ရွာသူရွာသားအချို့ ရွာထဲဝင်ကြည့်ချိန်တွင် ရွာလယ်လမ်းမပေါ် မီးလောင်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်ခုကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
“သူ့အလောင်းကို တွေ့တော့ ရင်ဘတ်မှာလည်း ဒဏ်ရာတစ်ခု၊ ခြေထောက်မှာလည်း ဒဏ်ရာတစ်ခုပေါ့၊ သူ မပြေးနိုင်တဲ့အချိန်မှာ စစ်သားတွေက ထပ်ပစ်သတ်ပြီး ဆိုင်ကယ်ပေါ်တင် မီးရှို့သွားတာလို့ ယူဆရတယ်။ မီးလောင်ပြီး သေတယ်ပြောရအောင်လည်း ရှို့ခံရတဲ့အိမ်က အနီးနားမှာ မရှိဘူး။ လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့တူတူ မီးလောင်နေတာ၊ ဘယ်သူဆိုတာလည်း မျက်နှာက ပျက်စီးနေတော့ မပြောနိုင်ဘူး” ဟု *ဦးဝင်းက ပြောသည်။
ထို့နောက် သက္ကယ်ကျင်း ကျေးရွာထဲတွင်လည်း RC တိုက်တစ်လုံး၏ အနောက်ဘက် အိမ်သာထဲတွင် မီးရှို့သတ်ခံထားရသည့် အမျိုးသမီးနှစ်ဦး၏ အလောင်းကို ထပ်မံတွေ့ခဲ့ရပြီးနောက် အခြားနေအိမ်အတွင်း မီးလောင်ပုံအောက်တွင် မီးလောင်သေဆုံးနေသည့် အဘွားအိုတစ်ဦး၏ အလောင်းကိုလည်း တွေခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီ စစ်သားများ ထွက်သွားပြီးနောက် သက္ကယ်ကျင်းရွာသည် ပြာပုံအတိ။ ရွာသူရွာသားများ ရွာအတွင်းသို့ ပြန်လာချိန်တွင် ဆုံးရှုံးမှုများက ၎င်းတို့ကို စောင့်ကြိုလျက်ရှိနေကြသည်။
“ အခု ကျတော်တို့ ဆုံးရှုံးသွားတာလူတင်၊ ပစ္စည်းတင် မဟုတ်ပါဘူး။ ကျတော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေရော ဆုံးရှုံးသွားတယ်။ မိသားစုတိုင်းပဲ ခံစားနေရတယ်”ဟု ရွာသားတစ်ဦးက ဆိုသည်။
မိခင်များ ဖမ်းဆီးခံလိုက်ရသည့် အသက် ၅ လအရွယ်ကလေးငယ်နှင့် အသက် ၁ နှစ်အရွယ် ကလေးငယ်တို့ကို ကျန်ခဲ့သည့် မိသားစုဝင်များက ပြုစုနေရပြီး ပဲနို့နှင့် ငုံးဥများ၊ အာဟာရ ဖြည့်စွက်စာများကို အစားထိုးကျွေးနေရသည်။
အသက် ၅ လအရွယ် ကလေးငယ်၏ မိခင်ကို စစ်တပ်က ဖမ်းဆီးသွားသည့်အတွက် ကလေးငယ်၏ ဖခင်က စောင့်ရှောက်ထားရပြီး အလှူရှင်အချို့လှူထားသည့် အာဟာရမှုန့်၊ ပဲနို့ကိုသာ အစားထိုးတိုက်ကျွေးနေရသည်။
“ သူတို့က အိမ်ထောင်ကျတာ မကြာသေးဘူး။ ၃ နှစ်လောက်သာရှိသေးတာ။ ကလေးကလည်း သားဦးကလေးလေ၊ ကိုယ်တိုင်ခံစားကြည့်မှ နားလည်မှာပါ။ ဘယ်သူမဆို ကိုယ့်သားသမီးကို မျက်စောင်းလေးထိုး ကြည့်တာတောင် မကြိုက်ကြဘူး။ အခုလို အမေနဲ့ကလေးကို ရက်အကြာကြီး ရက်ရက်စက်စက် ခွဲထားတာ အမေက ဘယ်လိုခံစားနေရမလဲ ဆိုတာကို ခံစားကြည့်ရင်သိရပါတယ်” ဟု ၅ လအရွယ်ကလေး၏ အဒေါ်ဖြစ်သူက ပြောပြသည်။
သက္ကယ်ကျင်းရွာရှိ နေအိမ်များမှ အမျိုးသားအမျိုးသမီး၊ လူငယ်၊ လူရွယ်များ လူဦးရေ ၇၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ကြိုးတုပ်ပြီးနောက် ၎င်းတို့ စီးလာသည့် ကားပေါ်တင်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။
စစ်သားများသည် သက္ကယ်ကျင်းရွာမှ ဖမ်းဆီးသွားခဲ့သူများကို မုံရွာမြို့တော်ခန်းမတွင် ထားရှိပြီး မုံရွာမြို့ရှိ အင်းဝဘဏ် ပြန်ပေးဆွဲခံရမှု ဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။ သက္ကယ်ကျင်းရွာမှ တာဝန်ခံအချို့အား စုံစမ်းကြည့်ရာ မတ်လ ၂၅ ရက်နေ့အထိ ၎င်းတို့မှာ ပြန်မလွှတ်လာသေးကြောင်း သိရှိရသည်။
သက္ကယ်ကျင်း ကျေးရွာသည် နေအိမ် စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး မီးရှို့ခံရမှုကြောင့် နေအိမ် ၅၀၀ ဝန်းကျင်၊ ကျေးရွာ၏ တစ်ဝက်ခန့် မီးလောင်ပြာကျခဲ့ရသည်။
နေအိမ်များ မီးရှို့ခံရမှုကြောင့် ကလေးငယ်၊ သက်ကြီးရွယ်အိုများ အပါဝင် လူဦးရေ ၁၀,၀၀၀ ခန့် မီးဘေးသင့်၊ စစ်ဘေးသင့် ဘဝသို့ ရောက်ရှိနေရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ခံခဲ့ရသည့် နေအိမ်အရေအတွက်သည် ၇၈,၇၃၇ လုံး အထိရှိကြောင်း Data For Myanmar က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ပြည်သူ ၄,၇၈၇ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် ၂၆,၄၄၆ ဦးမှာ ဖမ်းဆီးခံထားရပြီး ၈,၈၇၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သိရသည်။
သက္ကယ်ကျင်းကျေးရွာရှိ နေအိမ်များကို စစ်သားများက မီးရှို့သည့်အတွက် လက်ရှိတွင် ပြန်စရာ နေအိမ် မရှိတော့သည့် ရွာသူရွာသားများက နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများတွင် အုပ်စုခွဲကာနေထိုင်နေရသည်။
စားရေးသောက်ရေးအတွက် အခြားကျေးရွာများထံမှ အကူညီတောင်းခံသော်လည်း စစ်ရှောင်လူဦးရေများသည့်အတွက် ရရှိသည့် အလှူငွေနှင့် စားနပ်ရိက္ခာ လုံလောက်မှုမရှိပေ။
“ အခုက တနိုင်ငံလုံး နေရာတိုင်းမှာ ဒီလိုဒဏ်တွေကို ခံနေကြရတာ အကုန်လုံးက လိုအပ်တဲ့အချိန်မှာ ကျတော်တို့က ကူပေးပါဦးဆိုပြီး ခဏခဏ အကူညီသွားတောင်းလို့ မဖြစ်တော့ ဖြစ်သလို နေနေရတာပါပဲ “ ဟု *ဦးဝင်းက ပြောသည်။
သက္ကယ်ကျင်းကျေးရွာတွင် ရွာသူရွာသားများဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း၊ လူသေဆုံးခြင်းများ အချိန်ခဏအတွင်း ဖြစ်ပျက်သွားခဲ့သည့်အတွက် နှလုံးရောဂါအခံရှိသူများ အနေဖြင့်လည်း ရောဂါထဖောက်ကြသည်ဟု ဆိုသည်။
ထို့အပြင် သက္ကယ်ကျင်းကျေးရွာဘက်တွင် နေ့တွင်ပူ၍ ညအချိန်တွင် အအေးပိုသည့်အတွက် ဖျားနာကြသူများလည်း ရှိကြသည်။ နေထိုင်စရာ နေရာအဆင်ပြေသည့်တိုင် စားရေးသောက်ရေးနှင့် ကျန်းမာရေးဆေးဝါးအတွက် အကူအညီများ များစွာလိုအပ်နေသေးသည်။
“ ကျတော်က ပြောချင်တာ လက်နက်ကိုင်ထားတဲ့ အဖွဲ့စည်းတိုင်းကို ကျတော်တို့ ပြည်သူတွေက လက်နက်ရှိတဲ့သူတိုင်းကို ကြောက်နေရတယ်။ လုပ်မယ်ဆိုလည်း အပြစ်မဲ့တဲ့ ကျတော်တို့ ပြည်သူတွေကို တချက်ငဲ့ပေးကြပါ။ လူသားချင်း စာနာမှုရှိကြပါ” ဟု *ဦးဝင်းက တောင်းဆိုသည်။
သက္ကယ်ကျင်း ကျေးရွာသည် ကွမ်းခြံလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်သည့် ကျေးရွာဖြစ်သော်လည်း ယခုအချိန်တွင် နေထိုင်စရာနေအိမ်၊ ပစ္စည်းဥစ္စာများ မီးလောင်ပျက်စီးခဲ့ရသည့်အတွက် လူသားချင်းစာနာမှု အကူညီများ လိုအပ်နေသည်။
“ ကျတော်တို့ အခုလောလောဆယ်တော့ ခြေမဲ့လက်မဲ့ ဘဝကို ရောက်ကုန်ကြပါပြီ။ ဘာမှ မျှော်လင့်ချက်လည်း မရှိတော့ပါဘူး” ဟု မီထဲ နေအိမ်ပါသွားသည့် သက္ကယ်ကျင်း ရွာသားတစ်ဦးက ပစ္စုပ္ပန်နှင့် အနာဂတ်ကို တွေးပူရင်း ဆိုလိုက်သည်။