မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တစ်ရက်တည်းနဲ့ နေအိမ် ၆၃လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာ အခြေစိုက် စစ်သား ၆၀ ခန့်၊ တံငါကျေးရွာ အခြေစိုက် စစ်သား ၅၀ ခန့်နှင့် သဖန်းကိုင်းကျေးရွာ အခြေစိုက် စစ်သား ၁၀၀ ခန့်တို့သည် မတ်လ၂၃ရက်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို ပိုက်စိပ်တိုက်စစ်ကြောင်းထိုးကာ ရွာ၅ရွာအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊သတင်းတာဝန်ခံ ဘိုတောက်ကပြောသည်။
“ စစ်ကြောင်းကတော့အဲ့နေ့မနက်အစောပိုင်းကတည်းကဝင်တာပါ။ မီးရှို့ခံရတဲ့ရွာတွေကလည်း တစ်ရွာနဲ့တစ်ရွာက ပေ ၅၀၀၀ လောက်ပဲဝေးတာပါ။ စစ်ကြောင်းက ဝင်လာကတည်းက လက်နက်ကြီး၊လက်နက်ငယ်၊စနိုက်ပါကအစ ပစ်ခတ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်မီးရှို့မှုကြောင့် ဆိပ်သာကျေးရွာမှနေအိမ် ၄၄ လုံး၊ ကွေ့ကြီးကျေးရွာမှနေအိမ် ၁၃ လုံး၊ အုန်းကုန်းကျေးရွာမှ နေအိမ် ၃ လုံး၊ကျွဲတပ်ကျေးရွာမှ နေအိမ်၁လုံး နှင့် ကျွဲကျကျေးရွာမှနေအိမ် ၂လုံး မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကြောင်းဝင်လာချိန်တွင် မတ္တရာအရှေ့ခြမ်းရှိ ဒေသခံများ တိမ်းရှောင်ခဲ့ ရပြီး ဆိပ်သာကျေးရွာနှင့်ကျွဲကျကျေးရွာကြား၌ တိမ်းရှောင်နေသည့် ပြည်သူများကို ယင်းစစ်ကြောင်းက RPG ဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ပြည်သူတွေရှိမှန်းသိလျက်နဲ့ပစ်တာပါ။ စစ်သားတွေကလည်း သူတို့ကိုလှမ်းမြင်နေရတယ်ပြောတယ်။ RPG နဲ့ ၁လုံးပဲ ပစ်လိုက်တာ။ ဒဏ်ရာရသူတွေက အခြေအနေမစိုးရိမ်ရတော့ပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရသူ ၅ဦးကို မတ္တရာမြို့နယ်ပကဖနှင့် အခြားတပ်ဖွဲ့တို့ ပူးပေါင်းပြီးဆေးကုသမှု ပေးခဲ့သည်ဟု သိရသည်။
ယင်းစစ်ကြောင်းသည် မတ်လ၂၃ရက်မှာပင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။