မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို စစ်ကောင်စီတပ်က အိမ်တိုင်ရာ ရောက် လိုက်ပို့နေကြောင်း သိရသည်။
မတ်လ၁၆ရက်မှစတင်ကာ မိုးကုတ်မြို့ပေါ် ရပ်ကွက်အချို့သို့ စစ်ကားများဖြင့် ဝင်လာကာ နေအိမ်များအထိ ဆင့်ခေါ်စာများ လိုက်ပေးနေခြင်းဖြစ်ကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ စစ်တန်းရပ်ကွက်မှ အသက် ၂၀အရွယ်လူငယ် ၈ဦးကို စစ်ကောင်စီတပ်က ဆင့်ခေါ်စာလာပေးသွားကြောင်း ယင်းရပ်ကွက်သားတစ်ဦးကပြောသည်။
“ စစ်သားနဲ့အရပ်ဝတ်ကရဲထင်တယ်။ ၂ယောက်ကတော့ ၃ရက်အတွင်းလာခေါ်မယ်တဲ့။ ကျန်တဲ့၆ယောက်ကိုတော့ ၆ လအတွင်းဘယ်မှမသွားရဘူး မှာသွားတယ်” ဟု၎င်းကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရွှေကူရပ်ကွက်၊ အုန်းကိုင်းရပ်ကွက်၊မြို့မရပ်ကွက်နှင့် မင်းတံတားရပ်ကွက်တို့ တွင်လည်း စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာ စာရွက်များ လိုက်ဝေနေသည်ဟုသိရသည်။
“ အိမ်တော့စာရောက်လာပြီ။တစ်အိမ် တစ်ယောက်လိုက်ရမယ်တဲ့။ တခြားဘယ်လိုလုပ်ရမလဲမသိဘူး။ စိတ်ညစ်တယ်။ စာရွက်တွေလည်းဖြည့်လိုက်ရပြီ” ဟု မိုးကုတ်မြို့ခံလူငယ်တစ်ဦးကပြောသည်။
မိုးကုတ်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူး ရှိသည့် ရပ်ကွက်များ၌ စစ်မှုထမ်းဥပဒေအတွက် လူရွေးချယ်ခေါ်ယူခြင်းနှင့် ဆင့်ခေါ်စာများ လိုက်ဝေခြင်းတို့ ပြုလုပ်နေပြီး အုပ်ချုပ်ရေးမှူးနှုတ်ထွက်ထားသည့်ရပ်ကွက်များတွင်မူ လူစာရင်းကောက်ယူခြင်းပင် မရှိသေးကြောင်းသိရသည်။