ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA တပ်ဖွဲ့ကဖမ်းဆီးထားသည့် လူငယ် ၁၅၄ဦး ယခုချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း မိသားစုဝင်ထံများမှ စုံစမ်းသိရှိရသည်။
MNDAA ကဖမ်းဆီးထားသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းအများက ပြီးခဲ့သညန့် ဇန်နဝါရီ ၂၄ရက်တွင် တောင်းဆိုခဲ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးသဖြင့် မတ် ၁၃ရက်တွင် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ထပ်မံ၍ မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သည်။
“ကိုးကန့်ဖမ်းသွားတဲ့ အထဲမှာ ကျမတူလေးလည်းပါတယ်။ လောက်ကိုင်မှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့အချိန်မှာ ဖမ်းခံရတာ၊ ဒါကမဖြစ်သင့်ဘူးပေါ့နော်၊ နောက်နောင်လူမျိုးရေး ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်တယ်”ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်များသည် ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်နှင့် “ ၀” ဒေသ မိုင်းဆတ်မြို့များမှ ပြန်လာသူများဖြစ်ပြီး MNDAA တပ်ဖွဲ့က ဆယ်တန်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်၊ နမ့်တိန်၊ နမ့်တစ် စသည့်စစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် လူငယ်များထဲ၌ တအာင်းလူမျိုးအများစုဖြစ်ပြီး အခြားလူမျိုးများလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင်ပါဝင်သည့် လူမျိုးအချင်းချင်းကြား ရှိပြီးသားဖြစ်သည့် စည်းလုံးညီညွတ်မှု၊ ချင်ခင်ရင်းနှီးမှု များကို သဘောထားကြီးကြီးထားပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။
“အကူညီလာတောင်းတဲ့သူက ၅ ယောက်ရှိပြီး အခုထိပြန်မလွတ်လာသေးဘူး။ မိသားစုတွေလည်း စိတ်ပူနေကြတယ်။ ကျတော်ပြောချင်တာက စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့အချိန်မှာ ကိုယ်ကိုတိုင် အာဏာရှင်မဆန်ဖို့လိုတယ်။ အခုလုပ်တဲ့ လုပ်ရက်က အာဏာရှင်ပဲမဟုတ်ဘူးလား” ဟု လားရိူးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
လောက်ကိုင်တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း နေရပ်ပြန်လာသည့် ပြည်သူများအနက် ရာနှင့်ချီကို ကိုးကန့်တပ်က ဖမ်းဆီးပြီးနောက် တပ်သားသစ်အဖြစ် စုဆောင်းမှုများလည်းရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် အမည်မဖော်လိုသူ တစ်ဦးကပြောသည်။
“အဲ့ဒီအချိန်က တိုက်ပွဲလည်းမြို့နဲ့တော်တော်လေးနီးလာပြီ၊ ကျတော်တို့ သူငယ်ချင်း ၃ ယောက်က ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ နမ့်တိန်ဂိတ်ရောက်တော့ ကိုးကန့်က စစ်တယ်။ ဘာမှလည်းမပြောဘူး။ ဆိုင်ကယ်၊ ဖုန်းအကုန်သိမ်းသွားခံရတယ်။ ရှိတဲ့ဉာဏ်ထုတ်သုံးပြီး ထွက်ပြေးလာလိုက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် MNDAA က တပ်သားသစ်အဖြစ် စုဆောင်းထားသည့် လူငယ်များကို စစ်သင်တန်းပေးကာ တပ်ရင်း ၇အဖြစ် ဖွဲ့စည်းထားကြောင်းလည်း သိရသည်။
ယခုကဲ့သို့ MNDAA ကဖမ်းဆီးထားသည့် လူငယ်များနှင့် တပ်သားစုဆောင်းနေမှုများနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို တယ်လီဂရမ်မှ တဆင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးပြီးနောက် MNDAA သည် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သန္နီ၊ ကုန်ကြမ်း၊ ဖောင်းဆိုင်၊ ဟိုပန်နှင့် မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။