မကွေးတိုင်း၊ ကျောက်ထုမြို့မှ ထွက်ခွာလာသည့် လှုပ်ရှားစစ်ကြောင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ငလွန်းရွာက အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဆောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။
အမတ(၃၆၈)တပ်ရင်းမှ အင်အား ၆၀ ခန့်ပါသည့်စစ်ကြောင်းသည် မတ်လ ၉ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်ထုမြို့မှ ထွက်ခွာလာပြီး သရက်ချဥ်ရွာအတွင်းဝင်ရောက်ကာ၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ (၆၀)မမ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆောမြို့နယ်ပကဖ၊ သတင်းပြန်ကြားရေးတာဝန်ရှိသူက MPA ကိုပြောသည်။
“ အမြောက်တပ်ကနေထုတာမဟုတ်ဘူးဗျ။ အမြောက်တပ်ကနေထွက်လာတဲ့ လှုပ်ရှားစစ်ကြောင်းကနေပဲ သရက်ချဥ်ရွာမှာတပ်စွဲပြီး လက်နက်ကြီးနဲ့ အနီးအနားကရွာတွေကိုထုတာ။ အဲ့ဒီမှာ ငလွန်းရွာထဲကျပြီး အပြစ်မဲ့အရပ်သား ၃ ဦး ပွဲချင်းပြီးဆုံးသွားတာဗျ” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသူများမှာ အသက် ၅၀ အရွယ် ဦးဆန်းဝင်း၊ အသက် ၄၈ နှစ်အရွယ် ဦးဆန်းဝင်း (အမည်တူ)နှင့် အသက် ၂၄ နှစ်အရွယ် မသဲသဲမာတို့ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ကျောက်ထုမြို့အမြောက်တပ်မှ ၅ မိုင်ပတ်လည်ရှိကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေပြီး စစ်ကောင်စီလက်နက်ကြီးကျရောက်မှုကြောင့် မတ်လ ၇ ရက်ကလည်း ကြန်တောရွာနှင့် ကံကြီးရွာမှ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်းသိရသည်။
“ ကျောက်ထုနဲ့ ၅ မိုင်ပတ်လည်ရွာတွေကတော့ သူတို့(စကစ) စစ်ကြောင်းထိုးရင်ရှောင်ပြီး သူတို့ပြန်ထွက်ရင်ပြန်ဝင်ပါ့။ အဲ့လိုပဲနေကြရတာ။ ဒီရက်ပိုင်းက ဘာကြောင့်မှန်းမသိ လက်နက်ကြီးတွေအမြဲထုတယ်။ စစ်ကြောင်းလည်းထိုးတယ်” ဟု ကျောက်ထုဒေသခံအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
သရက်ချဉ်ကျေးရွာသို့ဝင်ရောက်ကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီလှုပ်ရှားစစ်ကြောင်းသည် ယင်းနေ့ ညနေ ၆ နာရီအချိန်တွင် ကျောက်ထုမြို့တွင်းသို့ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ထို့ပြင် မတ်လ ၉ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ကျောက်ထုမြို့နယ်တစ်နေရာသို့ စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရေနံတင်ကားတစ်စီး မီးလောင်ပျက်စီးခဲ့သေးကြောင်း စုံစမ်းသိရှိရသည်။